◾️မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေဟု သဝဏ်လွှာတွင် ဖော်ပြ
MT News
၈.၈. ၂၀၂၃
ယနေ့ကျရောက်သည့် ၅၆ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့လိုက်သည်။
စစ်အေးကာလအပြင်းထန်ဆုံးအချိန်ဖြစ်သော ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံအသင်းကြီးသည် အောင်မြင်မှုနှင့် သက်တမ်းရှည်ကြာမှုကို အဖွဲ့ဝင် (၁၀) နိုင်ငံဖြင့် တိုးချဲ့ဖွဲ့စည်း သက်သေပြနိုင်ခဲ့သကဲ့သို့ နောက် ထပ်မိသားစုဝင်အသစ်ကိုလည်း ကြိုဆိုနိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်သည်။
ထို့အတူ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC)ကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်သော နိုင်ငံအရေအတွက် များပြားလာသကဲ့သို့ အာဆီယံပြင်ပနိုင်ငံများအနေဖြင့်လည်း အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေး ပုံစံအမျိုးမျိုး ထူထောင်လိုမှု တိုးတက်များပြားလာသည်ကိုလည်း တွေ့မြင်လာရသည်။ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဆီယံအသင်းကြီး၏အခြေခံမူများသည် နိုင်ငံတကာနယ်ပယ်တွင် အရေးပါ အကျုံးဝင်နေဆဲဖြစ်ကြောင်း ထင်ဟပ်ပြသနေခြင်းပင်ဖြစ်ပြီး ယနေ့အထိ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးစာချုပ်(TAC)သို့ နိုင်ငံပေါင်း (၅၁) နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်ကို အားတက်ဖွယ်တွေ့မြင်ရကာ အာဆီယံနှင့် မိတ်ဖက်ဆက်ဆံမှုရှိသော (၁၁) နိုင်ငံနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်ရှိသည့် နိုင်ငံ (၉) နိုင်ငံရှိပြီး ၎င်းတို့အနက် (၄) နိုင်ငံကို ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် အာဆီယံအသင်းကြီးနှင့် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကဒေသများမှ နိုင်ငံ (၁၀) နိုင်ငံတို့ သည် ကဏ္ဍအလိုက် မိတ်ဖက်ဆက်ဆံရေး သို့မဟုတ် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက်ဆံရေးအဆင့် ထူထောင်ထားရှိပြီး ဖြစ်သည်။ ထို့ကြောင့် အာဆီယံအသင်းကြီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ အောင်မြင်မှု စံနမူနာတစ်ခုအဖြစ် သက်သေပြသနိုင်ခဲ့သည်။
သို့ရာတွင် အာဆီယံအသင်းကြီးသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ အသင်းကြီးအနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များ၊ ကူးစက် ရောဂါအသစ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှု၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး စသည့်ကိစ္စရပ်များတွင် အတူတကွ ဖြေရှင်းနိုင်ရန်အတွက် အနာဂတ်ကို ယခုထက်ပို၍ ကြိုတင်မှန်းဆ ပြင်ဆင်ထားရန် လိုအပ်လာသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဦးဆောင်သည့် ဆောင်ရွက်မှုပုံစံနှင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့် ချဉ်းကပ်မှုမျိုးရှိရန် အရေးကြီးလာပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌက ချမှတ်ထားသည့် “ASEAN Matters: Epicentrum of Growth” “ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံက အလေးထားဆောင်ရွက်”ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်း သိမ်းရမည်ဖြစ်သကဲ့သို့ အနာဂတ်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ကြရန် လို အပ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် ဒေသတွင်းစွမ်းအား ဖြစ်ထွန်းစေရေးကို ပေါ်လွင်အောင် ဖော်ဆောင်ပေးရန်လိုအပ်လာမည်ဖြစ်သည်။
ထိုနည်းတူ အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို အောင်အောင်မြင်မြင် ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထား ကိုင်စွဲကြရန် သတိပြုကြရမည်ဖြစ်သည်။ ထို့အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာမည့် ဖိအားပေးမှုများနှင့် စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည် ဖြစ်သည်။ မိမိတို့အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ်ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင်ကြရန် လိုအပ်နေသည်ဟုလည်း သဝဏ်လွှာတွင် အကြံပြုထားသည်။
အာဆီယံအသင်းဝင်နိုင်ငံများအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ဒေသဆိုင်ရာ ကတိကဝတ်များ ပြည့်မီစေရေး ကြိုးပမ်းဖော်ဆောင်လျက်ရှိရာတွင် ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အာဆီယံအသင်းကြီး၏ အနာဂတ်နှင့် ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက်များကို ထိန်းသိမ်းထားနိုင်ရေး၊ ပြည်သူများ၏ လူမှုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်စွမ်းအားရှိမှုနှင့် ပြည်သူဗဟိုပြု အာဆီယံအသင်းကြီး ဖြစ်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာ ပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေသည်။ အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်းထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
အာဆီယံ ပြည်သူပြည်သားများဖြစ်ကြသည့် မိမိတို့အနေဖြင့် အနာဂတ်သာယာလှပစေရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည် ဖြစ်သည်။ ယခုကဲ့သို့မင်္ဂလာရှိသည့် (၅၆)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့တွင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းကတိကဝတ်ပြုပြီး ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များကိုလေးစားလိုက်နာပြီး အာဆီယံ၏အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့်လည်း တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ် လောင်းကတိပြုလျက် သဝဏ်လွှာပါးအပ်သည်ဟုလည်း ဖော်ပြထားသည်။