၇. ၈. ၂၀၂၃
Written by Hey Mar
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ရေကြီးနေတဲ့ လေးမြို့မြစ်အတွင်း ရေနစ်သေဆုံးသွားခဲ့တဲ့ဖြစ်စဉ် ဩဂုတ် ၆ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မင်းပြားအခြေစိုက် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ သားအမိသုံးဦး သာစည်ကနေ ပြင်ယောင်းကျေးရွာကို စက်လှေနဲ့ အပြန်လမ်းမှာ ဒီရေတိုးချိန်နဲ့ကြုံပြီး ရွှေတောင်ရွာအနီးမှာ စက်လှေတိမ်းမှောက်နစ်မြှပ်ကာ မိခင်နဲ့ ၅ နှစ်အရွယ် သားငယ်သေဆုံးပြီး ၇ နှစ်အရွယ်သားတစ်ဦးက ခြုံပုတ်နဲ့ငြိနေတာကြောင့် ငါးဖမ်းလှေပေါ်မှ လှေသမားတွေက ကယ်ဆယ်နိုင်လိုက်တယ်လို့ သိရပါတယ်။
သေဆုံးသွားသူ နှစ်ဦးဟာ ဒေါ် ဝင်းကျန်ကြည် အသက် ၃၅ နှစ်နဲ့ သားငယ်ဖြစ်သူ မျိုးဝင်းကို ၅ နှစ်တို့ ဖြစ်ပြီး သားကြီးဖြစ်သူ မျိုးဝင်းထွန်း ၇ နှစ်မှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ် ။
ရေနစ်မြုပ်ပြီးနောက် အလောင်းကို ညနေ ၇ နာရီကျော်မှာ ရှာတွေ့ခဲ့ပြီး ဒေါ်ဝင်းကျန်ကြည်ရဲ့ ခင်ပွန်းဖြစ်သူ ဦးမောင်ဝင်းထွန်းကတော့ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
“သားအမိ သုံးယောက် သူတို့စက်လှေနဲ့သူတို့မောင်းပြီး သာစည်က အမျိုးတွေကို အကြွေးသွားဆပ်တာမှာ အပြန်မှာ မြစ်ရေတိုးချိန်ကြုံပြီး ရေဆန်ကို ပြန်တာမို့ လှေမှောက်တယ်လို့ကြားပါတယ်။ ဒီနေ့ မနက် (ဩဂုတ် ၇ ရက်) သင်္ဂြိုလ်တယ်လည်း ကြားပါတယ်။ သူတိုရွာနားနဲ့ မနီးမဝေးရွာနားတင်ဖြစ်တာ။ ကလေး အကြီးလေးကိုဆွဲပြီး အပင်ပေါ်တင်နိုင်ပေမယ့် အငယ်လေးလိုက်ဆွဲရင်း အမေပါနစ်သွားတာ။ ကလေး ငိုသံအော်သံကြောင့် လှေသမားတွေကြားပြီး ကယ်နိုင်ခဲ့တာပါ” လို့ ဖြူစင်မေတ္တာ လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ် ။
ရုပ်အလောင်းတွေကို ဒီနေ့မနက် နံနက် ၉နာရီကျော်မှာ သင်္ဂြိုလ်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် မင်းပြားမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ လေးမြို့မြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဟာ ၈၁၀ စင်တီမီတာဖြစ်ပြီး ဒီနေ့မနက် တိုင်းထွာချက်တွေအရ မြစ်ရေဟာ စိုးရိမ်ရေမှတ်အနီး ၅၀၀ စင်တီမီတာမှာတည်ရှိကာ နောက် ၂၄ နာရီအတွင်း ၅၁၃ စင်တီမီတာကို ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။