၈. ၇. ၂၀၂၃
Written by Peya
ဖုန်းထဲကအဆက်အသွယ်များကို ရယူသွားတတ်ပြီး ခြိမ်းခြောက်အကျပ်ကိုင်သည့် ငွေချေး မိုဘိုင်းအပလီကေးရှင်းတချို့က ပြည်သူများအတွက် စိုးရိမ်စရာ ဖြစ်လာပြီး အလားတူ ပြုလုပ်ခံရသည့် ဖြစ်စဉ်များပြားလာကြောင်း MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ထိုသို့ ငွေချေး အပလီကေးရှင်းကို ပလေးစတိုးတွင် တွေ့နိုင်သကဲ့သို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း တွေ့နိုင်ကာ ချေးငွေပမာဏ မည်မျှအထိ ချေးယူနိုင်သည်ဟု ကြော်ငြာထားသော်လည်း အမှန်တကယ် ချေးလျှင် စာရွက်စာတမ်း အထောက်အထားမဲ့ ချေးခြင်း ဖြစ်သောကြောင့် မကြာခဏ အတိုးတောင်းခံခြင်း၊ မပေးလျှင် ဖုန်းထဲက ရယူသွားသည့် အဆက်အသွယ်များကို အသုံးချကာ ဆက်သွယ် အကြပ်ကိုင်ခြင်းများ ဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်က တကယ်ချေးဖို့ မဟုတ်ဘဲနဲ့ တွေ့လို့ စမ်းပြီးတော့ လုပ်လိုက်တာ။ သူတို့ ပေးထားတဲ့ အချက်အလက်တွေ အတိုင်း လုပ်လိုက်တော့ ငွေက Wave ထဲ ဝင်လာတယ်။ ဒါပေမယ့် ကိုယ်တောင်းသလောက် အပြည့်မဟုတ်ဘူး။ အတိုးပမာဏ ကြီးကြီးကို သူတို့က တစ်ခါတည်း ဖြတ်ထားပြီးသား။ ပြီးတော့ ဖုန်းဆက်ပြီး ရက်ပိုင်းအတွင်း ပြန်ဆပ်ခိုင်းတယ်။ ကျွန်တော်လည်း မသုံးရဘဲ အတိုးဆိုတာကြီးကို သူတို့က ယူသွားပြီ။ ပြောရရင် အေးဓားပြ တိုက်တာပဲ။ ကျွန်တော်မသုံးဘဲ ဘာလို့ ဆပ်ရမှာလဲ။ အခုရောက်တာ ပြန်လွှဲမယ်ဆိုတော့လည်း နောက်တစ်ခါ ငွေ ထပ်ချေးမယ်။ အဲ့ဒါနဲ့ ဆပ်လို့ ပြောပြန်ကော။ ပြီးတော့ ကျွန်တော့် ဖုန်းထဲက နံပါတ်တွေကို သူတို့က ယူသွားတယ်။ မဆပ်ရင် အရှက်ခွဲမယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော့် ဘာမှမစားလိုက်ရဘဲ သပ်သပ် ပိုက်ဆံပေးလိုက်ရတယ်” ဟု ချေးငွေ အပလီကေးရှင်းကို အသုံးပြုခဲ့ဖူးသူ တစ်ဦးက ဆိုသည်။
ထို့အပြင် အချို့ အပလီကေးရှင်းများက အရင်းကို ဆပ်လျှင်ပင် လက်မခံတော့ဘဲ အတိုးသာ ငါးရက် တစ်ခါ ပေးရန် တောင်းခြင်းမျိုးရှိလာနေပြီး ပတ်သက်မိပါက ခြိမ်းခြောက်ခံရခြင်း၊ ပတ်သက်နေသူများကို စိတ်ဒုက္ခပေးခြင်းအပြင် အချို့ဆိုလျှင် အိမ်တိုင်ရာရောက်လာသတ်မည်၊ နေသည့် နေရာကို သိသည်ဟူ၍ပင် ပြောလာကြောင်း ကြုံခဲ့ရဖူးသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့က ဖုန်းနံပတ်ကို ငါးလုံးလောက်နဲ့ ပတ်ဆက်တာ။ အဲ့ဒီတုန်းက ငွေကလည်း လိုနေတာနဲ့ ချေးလိုက်မိတာပါ။ တော်တော်လေး ခံလိုက်ရတယ်။ နောက်တော့ မိသားစုက သိပြီး ဆပ်ပေးလို့ ရတာ။ သူ့ဟာက အတိုးက များတယ်။ တစ်လတစ်ခါလည်း မဟုတ်ဘူး။ တစ်ပတ်တစ်ခါ ပေးရတာ။ ဒါကို အစက မသိခဲ့ဘူး။ ဒါကြောင့် တော်တော်ပေးလိုက်ရတယ်။ ဥပဒေအရ အရေးယူစေချင်တယ်။ ဒီလို ဖြစ်တဲ့ ဖြစ်စဉ်တွေ များလာနေပြီ” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။