MT News
Written by Naing Thuta
ဆိုင်ကယ် Taxi ငှားစီးပြီး အိမ်ပြန်သည့် ခရီးသည်အမျိုးသားတစ်ဦးအား Taxi သမားက ဓားထောက်ပြီး အနုကြမ်းစီးလုယက်မှု မန္တလေးမြို့တွင် ဩဂုတ် ၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မဟာ- လူမှုကယ်ဆယ်ရေး (မန္တလေး) အဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် ည ၉ နာရီ ၃၀ ခန့်က မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ ၄၁ လမ်းနှင့် ကမ်းနားလမ်းရှိ ကုန်စိမ်းဈေး(ညဈေး)မှ အမျိုးသားတစ်ဦးသည် ဆိုင်ကယ် Taxi ငှားစီးပြီး အိမ်သို့ပြန်လာခဲ့ရာ ၈၃ လမ်းနှင့် ၈၄ လမ်းကြား၊ ပေါင်းလဲတိုက်လမ်းကြားအရောက်တွင် ဆိုင်ကယ် Taxi သမားမှ ဆိုင်ကယ်ရပ်ပြီး ခရီးသည်အမျိုးသားအား ဓားထောက်ကာ ဖုန်း၊ ပိုက်ဆံအိတ်(၃၀၀၀၀ကျပ်ခန့်ပါ)နှင့် ကျောက်ကြည့်ဓာတ်မီးတစ်လက် စသည့်တို့ကို အနုကြမ်းစီး၍ လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဓားဖြင့်အထောက်ခံရသော ခရီးသည်အမျိုးသားသည် လည်ပင်းပွန်းရှ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ကဲ့သို့လုယက်သွားသော Taxi သမားအား သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းစစ်ဆေးနေပြီး နယ်မြေရဲစခန်းတွင်လည်း အမှုဖွင့်ထားကာ အမြန်ဆုံးဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။