MT News
Written by Min Mahar
ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ ရွှေဘိုတက္ကသိုလ်ရှေ့ရှိစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၄ ရက် မနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်စဥ် ၁၂ ဘီးယာဉ်မောင်းအမျိုးသား ၁ ဦး၏ဖုန်းထဲမှ မသင်္ကာစရာများတွေ့သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ ရွှေဘိုတက္ကသိုလ်ရှေ့၊ ရွှေဘို-ကျောက်မြောင်းသွားကားလမ်းပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ်များအား ပိတ်ဆို့စစ်ဆေးမှုဆောင်ရွက်နေစဉ် မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့အတွင်းမှ ကျောက်မြောင်းမြို့ဘက်သို့ မောင်းနှင်လာသည့် SGG 1P/5662 နံပါတ်ပါ HENO အမျိုးအစား (အပြာရောင်) ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို စစ်ဆေးရာ အသက် ၃၆ နှစ်အရွယ်ယာဉ်မောင်း ကိုင်ဆောင်သည့် Redmi Note 8 အမျိုးအစား အနက်ရောင်ဖုန်းအတွင်းရှိ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “နေမင်းဖြိုး နေမင်းဖြိုး”အကောင့်ဖြင့် အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်လုပ်ငန်းများတွင် စိတ်ပါဝင်စားမှုဖြစ်ပေါ်စေရန် လှုံ့ဆော်စာများရေးသား၍ Post တင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
” ရွှေဘိုတက္ကသိုလ်ရှေ့ စစ်ဆေးရေးဂိတ်မှာ ရဲနဲ့စစ်သားတွေက လာသမျှကားတွေကို စစ်ဆေးနေတဲ့အချိန်မှာ ၁၂ ဘီးကား အပြာရောင်မောင်းတဲ့ ယာဉ်မောင်းဖုန်းထဲက မသင်္ကာစရာတွေ တွေ့တယ်ဆိုပြီး ရဲစခန်းကိုဖမ်းသွားကြတာတွေ့တယ်။ အဲ့ဒီလူကို ရဲစခန်းမှာစစ်နေတယ်လို့ကြားတယ်” ဟု စစ်ဆေးရေးဂိတ်တွင် မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံရသောယာဉ်မောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရင်းတော်ကျေးရွာတွင် နေထိုင်သည့်သူဖြစ်ပြီး ယင်းအား ရွှေဘိုမြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကာ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုဖွင့်အရေး ယူ ဆောင်ရွက်ထားကြောင်း သိရသည်။