၅. ၈. ၂၀၂၃
Written by Peya
ပူတာအိုကို သဘာဝအခြေခံခရီးသွားဒေသ ဖြစ်စေရေး ဆောင်ရွက်ရန် အစီအစဉ်ရှိပြီး နိုင်ငံခြားသားခရီးသွားများ အတွက် ကန့်သတ်နယ်မြေ ဖြေလျှော့ပေးရေးကိုလည်း တင်ပြထားကြောင်း ကချင်ပြည်နယ်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ပူတာအိုဒေသသည် ရေခဲတောင်များရှိသည့်အပြင် အခြား စိတ်ဝင်စားစရာ ဒေသအခြေပြု လည်ပတ်စရာလည်း များသည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ စိတ်ဝင်စားရာ ဒေသတစ်ခုလည်းဖြစ်ကာ လက်ရှိတွင် အထက်ပါ အတိုင်း ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးမှုများကိုလည်း ပြုလုပ်နေခြင်း ဖြစ်သည်။
“ပြည်တွင်း(ခရီးသွားတွေ) ကတော့ အကုန်လုံးသွားလို့ရတယ်။ ပြည်ပ (ခရီးသွားတွေ) ကတော့ မြို့ပေါ်ခွင့်ပြုတယ်။ မြို့ပြင်တွေကတော့ ကြိုတင်ခွင့်ပြုချက်တောင်းပြီး သွားလို့ရတယ်။ ရေခဲတောင်တက်ခရီးစဉ်ကတော့ နိုင်ငံခြားသားတွေ အတွက် ကန့်သတ်နယ်မြေထဲ ဆိုတာက ရှိပါတယ်။ အဲ့ဒါတွေကိုလည်း ဖြေလျှော့ပေးဖို့ တင်ပြထားတာ ရှိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ပူတာအိုဒေသသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများကို ခွင့်ပြုပေးရာတွင် လည်ပတ်ပြီးပါက ညအိပ်သည့်အခါ မြို့ပေါ်သို့ ပြန်အိပ်ရသည့် အနေအထားဖြစ်ကာ ရေခဲတောင်တက်ရန် လာကြသူများပြီး တာဝန်ရှိသူများ အနေဖြင့် ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်တစ်ခုတည်း အတွက် နိုင်ငံခြားသားခရီးသွားများကို ဖြေလျှော့ပေးလျှင်ပင် အဆင်ပြေနေပြီဖြစ်ကြောင်း ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုမိုးမင်းသိန်းက ဆိုသည်။
“ဒီဘက်မှာဆိုရင် ရှိန်းခေါင်က မကြာခင် ကားလမ်းပေါက်တော့မယ်။ သုံးညအိပ် လေးရက်လောက်နဲ့ အသွားအပြန် အဆင်ပြေတယ်ဆိုရင် ဧည့်သည်တော်တော်များများလာကြမှာပဲ။ လမ်းလျှောက်စရာမလိုဘဲ ရေခဲတောင်တွေ တွေ့ရမယ်။ ပြီးလို့ရှိရင် တောသဘာဝ၊ တောထဲမှာ ဝါးအိမ်လေးတွေရှိတဲ့ ရွာတွေက အများကြီးပဲ။ ဟိုးတောင်တစ်လုံး၊ တစ်လုံးမှာ နှစ်အိမ်၊ သုံးအိမ်နဲ့ ရွာတည်ထားတာတို့ ပြီးရင် လူနေမှုဓလေ့တွေ အများကြီး တွေ့ရမယ်။ လှေကားထစ်စိုက်ခင်းတွေ နောက် ကိုယ်ပိုင် ရေအားနဲ့ လုပ်ထားတာလေးတွေ အများကြီး ရှိတယ်။ ဆန်ကအစ ရေအားနဲ့ ထောင်းတဲ့ မောင်းဆုံကို လေ့လာလို့ ရတယ်” ဟု ၎င်းက ဆိုသည်။