MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ဒေါ်လာဈေးနှုန်း ကျဆင်းမှုမရှိသဖြင့် ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းအထက်၌ပင် ဆက်ရှိနေပြီး ဩဂုတ်လ ၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ ရှိကြောင်း ပြည်တွင်းရွှေအရောင်းဆိုင်များမှ သိရသည်။
ဩဂုတ်လ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁,၉၃၄ ဒေါ်လာသာရှိပြီး တစ်ပတ်အတွင်း ၁၆ ဒေါ်လာ ကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ဝယ်ဈေး ကျပ် ၃,၄၈၀ နှင့် ရောင်းဈေး ကျပ် ၃,၃၆၀ အထိဖြစ်ပေါ်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ရောင်းဈေး ကျပ် ၃,၅၃၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၂၀,၀၀၀ အထိဖြစ်ပေါ်လျက်ရှိသည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ဗဟိုဘက်က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ပြီးနောက် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုမရှိဘဲ ဇူလိုင်လ ၂၄ ရက်မှစတင်၍ ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ ခုန်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းအထက်၌ပင် ဆက်လက်ရှိနေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဇူလိုင်လ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၃,၅၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ ဩဂုတ်လ ၁ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၇၀ ကျပ်၊ ဩဂုတ်လ ၂ ရက်တွင် ရွှေဈေးနှုန်း ၃,၅၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ ဩဂုတ်လ ၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၁၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။