၅. ၈. ၂၀၂၃
Written by Nyein Kyaw
လျှပ်စစ်ပစ္စည်းများ၊ အိုင်တီနည်းပညာဆိုင်ရာပစ္စည်းများနှင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ကို တစ်နေရာတည်းတွင် လေ့လာနိုင်မည့် IT & Electronic Expo 2023 ပွဲကြီးကို Yangon Convention Center (YCC) တွင် ယနေ့မှစတင်၍ နှစ်ရက်တိတိကျင်းသွားမည်ဖြစ်သည်။
အဆိုပါ IT & Electronic Expo 2023 ပွဲအား Myanmar Online Entrepreneur (MOE) မှ ဦးဆောင်ကြီးမှူး၍ ပြခန်းပေါင်း ၈၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၅ ရက်(ယနေ့)နှင့် ဩဂုတ်လ ၆ ရက်အထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲအတွင်း လျှပ်စစ်လူသုံးကုန်ပစ္စည်း၊ မိုဘိုင်းဖုန်းများ၊ အွန်လိုင်းငွေပေးချေမှု၊ အွန်လိုင်းမှ ရွှေဝယ်ယူနိုင်သည့် ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ဟောပြောပွဲများပါ ထည့်သွင်းပြသထားကြောင်း သိရသည်။
“ရွှေကိုအွန်လိုင်းက ဝယ်ယူနိုင်အောင် Shwe Shops Website ကို ဆောင်ရွက်ထားတာပေါ့။ အကိုတို့ဆီမှာ ပြည်တွင်းက ရွှေဆိုင်ပေါင်း ၁၀၀ ကျော်နဲ့ ချိတ်ဆက်ထားတယ်။ ဒီရွှေဆိုင်တွေနဲ့ ဝယ်ယူကြားမှာ ချိတ်ဆက်ပေးတာပေါ့။ အခုကာလက ရွှေဆိုင်တွေလည်း မလုံခြုံဘူးဖြစ်နေတော့ ဒီကနေပြီး သူတို့လက်ဝတ်ရတနာတွေကို တင်တယ်။ ဝယ်ယူသူက ကြိုက်ပြီဆိုတော့မှ ဆိုင်နဲ့ချိတ်ပြီးဝယ်တာပေါ့။ အစိုတို့ Website မှာ ဆိုင်ခန်းဖွင့်တဲ့အတွက် ဆိုင်တွေကနေ နှစ်စဉ်ကြေးရတယ်။ ဒီ Website ကို လာပြသတာပေါ့” ဟု Shwe Shops Website မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါပြပွဲကြီးတွင် ပါဝင်လိုသည့်လုပ်ငန်းရှင်များနှင့် ပြပွဲအကြောင်း အသေးစိတ်ကို လေ့လာချင်သူများအနေဖြင့် IT & Electronic Expo 2023 Page တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပေးကြေညာထားသည်။
လာမည့် ဩဂုတ်လ ၁၈ ရက်တွင် Yangon Convention Center (YCC) ၌ အိမ်ခြံမြေ၊ ဆိုလာစွမ်းအင်နှင့် EV ကားများကိုလည်း ပြပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။