၂. ၈. ၂၀၂၃
Written by Pan Ei
ခုရက်ပိုင်းအတွင်း အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ တရုတ်နိုင်ငံက တိရစ္ဆာန်ရုံတစ်ရုံမှာ လူတွေကို ပြထားတဲ့ နေဝက်ဝံ(Sun Bear) တစ်ကောင်ဟာ မတ်တပ်ရပ်လိုက်တဲ့အခါ လူသားတစ်ယောက်က ဝက်ဝံဝတ်စုံဝတ်ထားတဲ့ ပုံနဲ့ တူလွန်းနေခဲ့တာကြောင့် လူတွေအကြား အတော်လေးကို ပြောစရာဖြစ်ခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုထဲမှာတော့ တရုတ်နိုင်ငံ ဇီဂျောင်ပြည်နယ် ဟန်ဇူးတိရစ္ဆာန်ရုံက ဝက်ဝံတစ်ကောင်က ခြေနှစ်ချောင်းပေါ်မှာ မတ်တပ်ရပ်လိုက်တဲ့အခါ လူနဲ့တူတဲ့ ကိုယ်ဟန်အနေအထားကိုတွေ့ရပြီး ဝက်ဝံရဲ့ နောက်ကျောဘက်ကလည်း လူက ဝက်ဝံဝတ်စုံဝတ်ထားလို့ တွန့်နေတဲ့ပုံ ပေါက်နေခဲ့တာကို တွေ့ရပါတယ်။ အဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေက အဲ့ဒါက တကယ်ရော နေဝက်ဝံဟုတ်ရဲ့လား။ ဝတ်စုံဝတ်ထားတဲ့ လူသားလားလို့ မေးခွန်းထုတ်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့ တိရစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဝက်ဝံအစစ်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဗီဒီယိုထဲက ဝက်ဝံကို ဝက်ဝံနက်လို့ ထင်ကြတာကြောင့် ခုလိုအမြင်မှားတာတွေ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မလေးရှား နေဝက်ဝံတွေက သူတို့ရဲ့နောက်ခြေထောက်တွေပေါ်မှာ မတ်တပ်ရပ်တတ်ကြပြီး အမြင့်က ၁ ဒသမ ၃ မီတာ အမြင့်ထိ ရှိနိုင်ကာ အမြင့် ၂ ဒသမ ၈ မီတာအထိ အမြင့်ရှိတဲ့ တခြားဝက်ဝံမျိုးစိတ်တွေနဲ့ ယှဉ်ရင်တော့ နေဝက်ဝံတွေက ကွဲပြားပြီး သေးငယ်တဲ့ မျိုးစိတ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိရစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက အဲ့ဒီရက်ပိုင်းက တိရစ္ဆာန်ရုံမှာ အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထိ ရောက်ရှိနေတာကြောင့် လူကိုသာ ဝက်ဝံဝတ်စုံဝတ်ခိုင်းထားရရင် ဝတ်ထားသူက တစ်ခဏအတွင်း မူးလဲသွားမှာပဲလို့ ထောက်ပြခဲ့ပါတယ်။
တရုတ်တိရစ္ဆာန်ရုံတွေမှာ တိရိစ္ဆာန်စစ်မှန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုခံရတာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အရင်ကလည်း ဝံပုလွေတွေနဲ့ အာဖရိက ကြောင်တွေနဲ့ ဆင်တူအောင် ခွေးတွေကို အရောင်ဆိုးပြီး ပြသတာမျိုးတွေ၊ မြည်းတွေကိုလည်း အရောင်ခြယ်ကာ မြင်းကျားဆိုပြီး ပြခဲ့တာမျိုးတွေလည်း ရှိပါတယ်။
Ref; Thaiger