၂. ၈. ၂၀၂၃
Written By Thandar
မလေးရှားနိုင်ငံမှာ ကျင်းပမယ့် “ASEAN INTERNATIONAL FILM FESTIVAL & AWARDS 2023 “ပွဲကို “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ တက်ရောက်ဖို့ ဩဂုတ်လ ၁ ရက် နေ့က မြန်မာပြည်ကနေ စတင်ထွက်ခဲ့တယ်လို့ သိရပါတယ်။
“ကိုယ့် ကားလေးတစ်ကားကို Application မှာ ပြတာကို ပရိသတ်က ကြိုက်တယ်။ နိုင်ငံခြားကလည်း ဒီကားကို Massage ကောင်းတယ်ဆိုပြီး ရွေးချယ်ခံရတာ ဝမ်းသာမိတယ်။ နောက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဒုတိယအကြိမ်ရွေးခံရလို့ ဝမ်းမိတယ်။ ဒါကြောင့် ကျွန်တော်တို့ မလေးရှားကို သွားကြမှာပါ။ ဆုရတာ မရတာက တစ်ပိုင်းပေါ့။ အရင် ဇာတ်ကားတွေလည်း မြန်မာပြည်က ဝင်ပြိုင်ကြတာ ရှိပါတယ်။ မြန်မာနိုင်ငံက ဇာတ်ကားတစ်ကား အာဆီယံ ၁၀ နိုင်ငံမှာ ဝင်ပြိုင်ခွင့်ရတယ်။ ဒီကားကို ရွေးချယ်ခံရလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပြောပါတယ်။
သြဂုတ် ၂ ရက် ကနေ ဩဂုတ် ၄ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ” ASEAN INTERNATIONAL FILM FESTIVAL & AWARDS 2023 ” မှာ ဆန်ကာတင်အနေနဲ့ ” ကျိန်စာသင့် နတ်သုဒ္ဓါ ” ဇာတ်ကား ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ၊ သရုပ်ဆောင် ခိုင်နှင်းဝေ ၊ လင်းလက်ခွန်းချို ၊ မာဂရက် စတဲ့ အနုပညာ ရှင်တွေက ဩဂုတ်လ (၁) ရက်နေ့မှာ မလေးရှားနိုင်ငံသို့ စတင်ထွက်ခွာကြတာပဲ ဖြစ်ပါတယ်။
“အမတို့ မလေးရှားက ဖိတ်ခေါ်ခံရလို့ ပျော်လည်းပျော်တယ် ဝမ်းလည်း သာတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဦးစတီးလ်ကိုတော့ ဆုတစ်ခုရစေချင်တယ်။ ဦးစတီးလ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကိုယ်တွေလည်း ပြည်ပ အခမ်းအနားကို တက်ရောက်ခွင့်ရတာပါ။ ဆန်ခါတင်စာရင်းထဲ ကိုယ့်မြန်မာပြည်က ကားလေးပါတယ်ဆိုတော့ ပျော်တယ် ရင်လည်းခုန်ပါတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။