၂. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံခြုံမှု၏ သက်ရောက်မှုများသည် ကလေးများအပေါ် ဆိုးရွားစွာသက်ရောက်ဖွယ်ရှိနေကြောင်း၊ အစားအစာလုံလောက်စွာမရဘဲ ဆာလောင်မှုများက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ကြီးမားသော သက်ရာက်မှုများဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးသုံးဦးတွင် တစ်ဦးက ပုညှက်လျက်ရှိနေကြောင်း World Vision အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
ကလေးငယ်များ ဖွံ့ဖြိုးရေးသည် အာဟာရလုံလောက်စွာ စားသောက်ရမှုနှင့် ဆက်နွယ်နေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံရသောနိုင်ငံများထဲတွင်ပါဝင်နေသော မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မဖြစ်ပွားခင်ကာလတွင်အိမ်ထောင် စု ၁၀ စု၌ ၄ စုလောက်သာ အာဟာရလိုအပ်ချက်နှင့်ကိုက်ညီစွာ စားသောက်နိုင်ခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ၂၀၂၁ခုနှစ်နောက်ပိုင်းတွင်ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာလုံခြုံရေး အခက်အခဲကို တိုးမြင့်စေသည့်အပြင် ၂၀၁၅ ခုနှစ်တွင်ချမှတ်ခဲ့သော ကုလသမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်များ သိသိသာသာတိုးတက်ရေးကို အဟန့်အတားဖြစ်လျက် ရှိစေခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခြင်း ပဋိပက္ခများ၊ ဘဏ်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းကဲ့သို့သော အဓိကအရေးကြီးဝန်ဆောင်မှုလုပ်ငန်းများ အဟန့်တားဖြစ်စေခြင်း စသောကိစ္စများသည် မြန်မာနိုင်ငံတွင်ငွေကြေးဖောင်းပွမှုတိုးလာစေခြင်း၊ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်းများဖြစ်ပေါ်စေခဲ့ပြီး ကုန်စည်နှင့် ထုတ်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်းများဖြစ်စေခဲ့ကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဆက်နွှယ်ပြီးဖြစ်လာခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် စားသုံးကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ သွားလာလှုပ်ရှားမှုများကန့်သတ်မှုများက နိုင်ငံစိုက်ပျိုးရေး ထုတ်လုပ်မှုများနှင့် အာဟာရပြည့်ဝအောင်စားနိုင်ရေးတို့အပေါ် သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ အကြောင်း အချက်လက်များကြောင့် မြန်မာနိုင်ငံတွင် ပြည်သူများ အစားအစာလိုအပ်ချက် ပိုမိုမြင့်တက်လာခဲ့ပြီး အာဟာရမပြည့်ဝမှုများဖြစ်လာစေခဲ့ကြောင်း World Vision အဖွဲ့က ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၃ ဒသမ ၂ သန်းကျော်သည်စားနပ်ရိက္ခာမလုံခြုံမှုများ ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံအပြင် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးတွင် လူပေါင်း ၁ ဒသမ ၀၅၀ ဘီလျံကျော်သည် စားနပ်ရိက္ခာလုံလောက်စွာ မရမှုကို တွေ့ကြုံရဖွယ်ရှိနေကြောင်း World Vision အဖွဲ့ကဆိုသည်။
Ref- World Vision