၃၁. ၇. ၂၀၂၃
Written by Nay Moe
ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ အစိုးရအဆောက်အအုံတစ်ခုဆီ ပြောင်းရွှေ့လိုက်တယ်လို့ NLD ပါတီဝင်တစ်ဦးပြောကြားချက်ကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေက ထူးခြားတယ်ပြောရမှာပါ။ ဒီသတင်းထွက်လာတာဟာ NLD ပါတီဘက်ကဖြစ်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် NUG နဲ့ PDF ကို လက်မခံဘူးလို့ ကမ္ဘာ့သတင်းမီဒီယာတွေမှာဖော်ပြခဲ့တာနဲ့ ချိန်ကိုက်ပြီး သတင်းထုတ်ခဲ့တဲ့ဖြစ်စဉ်ဟာ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ NLD ပါတီဝင်တွေ၊ အဝေးရောက်အစိုးရဆိုတဲ့ အာဏာယူထားတဲ့ NUG နဲ့ NUG ကို ထိန်းချုပ်ထားတဲ့ ဦးအောင်ကြည်ညွန့်ရဲ့ CRPH အကြားက အဟတွေလို့ တွေးစရာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်လာတာနဲ့ CRPH၊ NUG နဲ့ PDF တွေဟာ ထောက်ပံ့သူမရှိလို့ ရပ်တည်မရဖြစ်တော့မှာကို တွေးဆနေသူ NLD ပါတီဝင်တစ်ဦးရဲ့ သွေးတိုးစမ်း သတင်းထုတ်လွှင့်မှုသဘောဆန်နေတာကိုလည်း တွေ့ရပြန်ပါတယ်။
ဒီလိုမျိုးထူးခြားချက်တွေရှိခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် NUG ဟာ သူ့ PDF တွေ၊ ပကဖတွေ၊ ပအဖတွေကို ဒေသန္တရ ကာကွယ်ရေးတပ်တွေနဲ့ မဆက်ဆံဖို့ NUG ထိန်းချုပ်နယ်မြေတွေမှာ LPDF တွေ လက်မခံဖို့ ရန် ငါ ဖြတ်လိုက်တာ၊ အာဆီယံမှာ မြန်မာ့အပေါ် သဘောထားအတင်းမာဆုံးလို့ ဆိုရနိုင်တဲ့ မလေးရှားဝန်ကြီးချုပ်က နစကနဲ့ ထိတွေ့ဖို့ပြောလာတာနဲ့ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံတိုးမြှင့်တဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
“LPDF တွေကို ရန်၊ ငါ ဖြတ်တဲ့ NUG”
ဒေသန္တရကာကွယ်ရေးတပ်(Local People Defence Force) ဆိုတာတွေဟာ NUG လက်နက်ကိုင်ဖို့ မစီစဥ်ခင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဒီ LPDF တွေကိုပဲ NUG က သူ့လက်အောက်သွတ်သွင်းပြီး PDF တပ်တွေအဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီလိုပြောင်းလဲတဲ့နေရာမှာ ဒေသတချို့မှာ လွယ်ကူပေမဲ့ တချို့သောဒေသတွေမှာ LPDF တွေဟာ အင်အားကောင်းလာချိန်မှာ NUG အောက်မဝင်တော့ဘဲ ကိုယ်ပိုင်တပ်တွေ ထောင်လာခဲ့ပြီး လူတိုင်းက စစ်ဦးစီးချုပ်အိပ်မက် မက်ကြပါတော့တယ်။
အဲဒီအတွက် NUG ကလည်း တစ်ဂူထဲ ခြင်္သေ့နှစ်ကောင်မအောင်းရမူနဲ့ သူ PDF တွေကို LPDF တွေ စည်းရုံးဖို့၊ စည်းရုံးမရရင် အမြစ်ဖြုတ်ဖို့ ခိုင်းစေတဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ အလွန်အရုပ်ဆိုးလှတဲ့ NUG ဩဇာခံ ယင်းမာပင် PDF ခေါင်းဆောင် သင်္ကန်းဝတ်နဲ့ ဗိုလ်သံမဏိက Hero Tiger Force LPDF တွေနဲ့ အပြစ်မဲ့ပြည်သူ ၂၀ ကျော်သတ်တာ၊ ဝက်လက်ပကဖက ဗိုလ်ကျားကြီး LPDF အဖွဲ့ကို ဖမ်းဆီးသတ်ဖြတ်တာ စတာတွေဖြစ်လာခဲ့သလို အဲဒီအပေါ် တိုင်ကြားမှုတွေကိုလည်း NUG က အရေးမယူခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ပုလဲပကဖနဲ့ MRDA ဗိုလ်နဂါးတို့ရဲ့ နယ်လုမှုတွေ ဝက်လက်ပကဖက GZ Special Task Force အပါအဝင် အခြား LPDF တွေကို တိုက်ခိုက်နှိမ်နင်းတာတွေ၊ NUG ဩဇာခံ MATC – MDF နဲ့ CDF – Mara ချင်း PDF နှစ်ဖွဲ့ကြား တိုက်ခိုက်သတ်ဖြတ်မှုတွေ စဥ်ဆက်မပြတ်ပေါ်ပေါက်လာပါတယ်။ နေရာအနှံ့အပြားမှာလည်း PDF တွေက LPDF တွေကို ချေမှုန်းတိုက်တာလုပ်လာပြီး ထောက်ပံ့သူမရှိတော့လို့ LPDF တွေ ချိနဲ့သထက်ချိနဲ့လာချိန်မှာတော့ NUG ဩဇာခံ PDF တွေ ပကဖတွေ၊ ပအဖတွေဟာ LPDF လို အခြားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆက်သွယ်တာ၊ NUG စိုးမိုးနယ်မြေတွေမှာ LPDF တွေ ဝင်ရောက်နေထိုင်ခွင့်မရှိဘူးလို့ တရားဝင်ညွှန်ကြားလာတာ တွေ့ရပါတယ်။
LPDF တွေကို ရန် ငါ ဖြတ်တဲ့ NUG ရဲ့ မဆက်ဆံဖို့ညွှန်ကြားခံရတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်ဟောင်း ဇေယျာလွင်ဦးဆောင်နေတဲ့ 90 Soldier LPDF အဖွဲ့လည်းပါခဲ့ပြီး အဲဒီအပေါ် ဇေယျာလွင်က NUG ရဲ့ ညွှန်ကြားစာနဲ့အတူ” Local PDF (LPDF) တွေကို မြေပြင်မှာ အချင်းချင်းကနေပြန်ပြီး ဖိနှိပ်နေတဲ့အဖြစ်အပျက်တွေ အများကြီးရှိတယ်” လို့ မျှဝေခဲ့တာ တွေ့ရပါတယ်။ NUG ဟာ KIA နဲ့ KNU ကိုလည်း စစ်ရေးအရ လက်အောက်မသွင်းနိုင်ဘဲ PDF တွေကို သင်ကြားပေးတဲ့ဆရာအဖြစ် မှတ်ယူနေရချိန်မှာ LPDF တွေကိုပါ ရန် ငါ ဖြတ်ပြီး ကန်ထုတ်နေတာကိုထောက်ဆရမယ်ဆိုရင် အနာဂတ်ဖက်ဒရယ်တပ်မတော်တည်ထောင်မယ်ဆိုတဲ့ စကားမျိုးတွေဟာ အင်အားမတောင့်တင်းခင် ချွေးသိပ်တဲ့အဖြစ်စကားလို့မြင်ရမှာဖြစ်ပါတယ်။ သေချာတာကတော့ ဘက်တူတဲ့အချင်းချင်းတောင် မပေါင်းစည်းနိုင်လို့ အမြစ်ဖြုတ်နေရတဲ့သူတွေက ဖက်ဒရယ်တပ်မတော်ထူထောင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တာ အသေအချာပါပဲ။
“နစကနဲ့ ထိတွေ့ဖို့အာဆီယံကိုပြောလာတဲ့ မလေးရှား”
အာဆီယံသဘောတူညီချက်ငါးချက်အကောင်အတည်ဖော်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံအဖွဲ့အနေနဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ရမယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေကိုလည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ခွင့်ပြုပေးရဖွယ်ရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ကွာလာလမ်ပူမြို့မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာနဲ့ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပြီး မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဝေဖန်ပြစ်တင်တာ အများဆုံး လုပ်ခဲ့တဲ့ နိုင်ငံဖြစ်သလို ပြစ်တင်ရှုတ်ချဖို့လည်း တိုက်တွန်းတောင်းဆိုဖူးတဲ့ နိုင်ငံဖြစ်လို့ မလေးရှားဝန်ကြီးချုပ်ရဲ့ သဘောထားအမြင်ပြောင်းလဲလာမှုဟာ SAC ရဲ့ အားသာချက်ဖြစ်လာသလို NUG အတွက် ထိုးနှက်ချက်လည်း ဖြစ်မှာပါ။
နဂိုကတည်းက အာဆီယံရဲ့ မူငါးချက်ဟာ အကြမ်းဖက်မှုတွေရပ်ဖို့၊ ပြည်သူ့အကျိုးအတွက် သက်ဆိုင်သူတွေအားလုံး အပြုသဘောဆွေးနွေးဖို့၊ ဒီလိုဆွေးနွေးရေး အကောင်အထည်ဖော်ဖို့ အာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းပေးဖို့၊ မြန်မာနိုင်ငံကို ကူညီဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့တွေ့ဖို့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆီလွှတ်ဖို့ဆိုတာတွေပဲ ပါခဲ့တာဖြစ်ပြီး အန္တိမပန်းတိုင်ကတော့ နစက ကျင်းပပေးမဲ့ ရွေးကောက်ပွဲကနေ တက်လာသူကိုအာဏာလွှဲပေးဖို့ရည်ရွယ်တဲ့သဘောပါ။ ဒါကိုပဲ အထစ်အငေါ့တွေရှိနေလို့ တုံ့ဆိုင်းနေတဲ့အပေါ်မှာ မလေးရှားလိုနိုင်ငံတွေက ဦးဆောင်တင်းမာနေတာဖြစ်ပြီး လက်ရှိမှာတော့ သဘောထားပြောင်းလဲလာတာ တွေ့ရတာပါ။
“၆ လ သက်တမ်းထပ်တိုးတဲ့ အရေးပေါ်ကာလ”
၂၀၂၃ ကို အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ကြွေးကြော်ထားတဲ့ NUG နဲ့ PDF တွေဟာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကို ပိုလုပ်လာခဲ့တာကြောင့် ပြည်သူတွေ နေ့စဥ်သတ်ဖြတ်တိုက်ခိုက်ခံနေရတဲ့အခြေအနေမှာ အရေးပေါ်ကာလဟာ သက်တမ်းတိုးဦးမှာပဲလို့ ခန့်မှန်းကြတဲ့အတိုင်းပဲ ၆ လ ထပ်တိုးခဲ့ပါပြီ။ ဒီနေရာမှာ NUG နဲ့ PDF တွေက ဘယ်လောက်တောင် ပြည်သူတွေကို သတ်ခဲ့ကြလဲဆိုတာ မြင်သာအောင်ပြောရရင် ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၀ အတွင်း ရဟန်းသံဃာနဲ့ သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူ ၇၇၂ ဦးနဲ့ နိုင်ငံ့ဝန်ထမ်း ၂၈ ဦး စုစုပေါင်း ၈၀၄ ဦး သေဆုံးခဲ့ရတာပါ။ ၆ လအတွင်း ၈၀၄ ဦးဆိုတာဟာ တစ်ရက်ကို လူ ၄ ယောက်ကျော် လိုက်သတ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်နေပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ လမ်းတံတားတွေစတဲ့ နိုင်ငံပိုင်အဆောက်အအုံပေါင်း ၁၀၀ ကျော် ဖျက်ဆီးတဲ့အပြင် ဆရာ၊ ဆရာမတွေနဲ့ကျောင်းသားကျောင်းသူ ၄၀ ကျော်ကို ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေလည်းဖြစ်ထားပါသေးတယ်။
ဒီလိုမျိုးတိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးမှုတွေကြောင့် ရွေးကောက်ပွဲလုပ်ပေးဖို့အဆင်မပြေသေးသလို ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲလုပ်ရင်လည်း ဝင်ပြိုင်မဲ့အမတ်လောင်းတွေနဲ့ သူတို့မိသားစုတွေဟာ အစုလိုက်အပြုံလိုက်လုပ်ကြံခံရနိုင်တဲ့အခြေအနေလည်းရှိနေပါသေးတယ်။ ထူးခြားချက်အဖြစ်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ် ရေးနဲ့လုံခြုံရေးကောင်စီမှာ ရွေးကောက်ပွဲကို နှစ်လမ်းနှစ်သွယ်နဲ့ကျင်းပဖို့ပြောခဲ့တာဖြစ်ပြီး တစ်ချက်ကတော့ အရင်ပြောနေကြ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ဖို့၊ အသစ်ထပ်ပြောလာတာကတော့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ မတည်ငြိမ်တဲ့ ဒေသတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ပါ။ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်စတဲ့နေ့မှာ တက်ရောက်ခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်းရှိတာနဲ့ အထမြောက်တာဖြစ်လို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေတဲ့ အခြေအနေမှာ ရွေးကောက်ခံကိုယ်စားလှယ်ဟာ ၂၅ ရာခိုင်နှုန်းပဲလိုမှာပါ။ လက်ရှိမှာ တည်ငြိမ်တဲ့မြို့နယ်ဟာ ၂၀၀ အထက်ရှိနေလို့ ဒီမြို့နယ်တွေလုပ်ရင်ကိုပဲ ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းလဲလာလို့ရတာ တွေ့ရသလို ကမ္ဘာကလည်း အသိအမှတ်ပြုကိုပြုရတော့မဲ့ Legitimacy ရှိတဲ့ ရွေးကောက်ခံအစိုးရပေါ်ထွန်းလာနိုင်တဲ့အခြေအနေပါ။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံနဲ့ပြည်သူရဲ့ထွက်ပေါက်ဟာ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲမဖြစ်မချင်း နှစ်ဖက်ကြားမှာညပ်၊ အပြန်အလှန်စွပ်စွဲသ တ်ဖြတ်မှုတွေကြားမှာ ရင်စည်းခံနေရတာကလွတ်ဖို့ ရွေးကောက်ပွဲဖြစ်မြောက်ရေးက အဓိကကျပါတယ်။ ရွေးကောက်ပွဲကတက်လာတဲ့အစိုးရတစ်ရပ်အာဏာရယူလိုက်တာနဲ့ အကြမ်းဖက်တိုက်ခိုက်သ တ်ဖြတ်ဖို့မြှောက်ပင့်ထောက်ပံ့နေတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေကလည်း ဒီလိုထောက်ပံ့မှုတွေ ရပ်ကြရတော့မှာမို့လို့ နိုင်ငံအေးချမ်းတည်ငြိမ်ရေးဟာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအဓိကကျနေတာကြောင့် အကြားအလပ်မရှိ ရွေးကောက်ပွဲမလုပ်နိုင်ရင် အေးချမ်းတဲ့နယ်မြေတွေမှာပဲ ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုကြရမှာက ပကတိနဲ့နီးစပ်တဲ့ အမှန်တရားဖြစ်လာမှာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။