၂၉. ၇. ၂၀၂၃
Written by Pan Ei
Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta က အီလွန်မတ်စ်ရဲ့ Twitter ကို ပြိုင်ဆိုင်ဖို့ Twitter လိုမျိုး စာသားအခြေခံ စကားပြောဆိုမှုအက်ပလီကေးရှင်း Threads ကို ဇူလိုင်လ ၆ ရက်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး မိတ်ဆက်ပြီး တစ်လမပြည့်ခင်အချိန်အတွင်းမှာဘဲ အသုံးပြုသူ ထက်ဝက်လောက် လျော့နည်းဆုံးရှုံးသွားခဲ့တယ်လို့ Meta ပိုင်ရှင်မာ့က်ဇူကာဘာ့ဂ်က ပြောကြားခဲ့ပါတယ်။
Threads ကို ပထမမိတ်ဆက်ပြီး ငါးရက်အတွင်း သုံးစွဲသူ သန်း ၁၀၀ ကျော်အထိရှိခဲ့ပေမဲ့ ခုချိန်မှာတော့ ဇူကာဘာ့ဂ်က အဲဒီ ကိန်းဂဏန်းတွေက ထက်ဝက်ကျဆင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။
ဇူကာဘာ့ဂ် က ခုလိုကျဆင်းမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ကုမ္ပဏီက Threads ကို Desktop ဗားရှင်းနဲ့ ရှာဖွေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုထည့်သွင်းထားတာကြောင့် သုံးစွဲသူတွေကို ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Threads သုံးစွဲသူ ကျဆင်းသွားတယ်လို့ ဇူကာဘာ့ဂ်က ထုတ်ဖော်ပြောကြားအပြီးမှာတော့ မကြာသေးမီက “X” လို့ အမည်ပြောင်းခဲ့တဲ့ Twitter မှာတော့ လစဉ်အလိုက် သုံးစွဲသူများလာတယ်လို့ ပိုင်ရှင် အီလွန်မတ်စ်က မျှဝေခဲ့ပြီး နောက်ဆုံးရေတွက်မှုအရ Twitter သုံးစွဲသူ သန်း ၅၄၀ ကျော်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။
Ref; Reuters