၂၉. ၇. ၂၀၂၃
Written by Nay Moe
YGF (Ye Guerrilla Force-ရေးပြောက်ကျားတပ်ဖွဲ့)၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်း ဝင်ရောက်စီးနင်းခြင်းခံရပြီး လက်နက်၊ ခဲယမ်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀ ခန့် ဆုံးရှူံးခဲ့ရသည်ဟု သိရသည်။
ထိုဖြစ်စဥ်မှာ ဇူလိုင်လ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့ နံနက် ၇ နာရီခန့်အချိန်တွင် YGF ၏ ရှေ့တန်းထောက်ပို့နှင့်ဆက်သွယ်ရေးရုံး စခန်းချရာနေရာကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် YGF အဖွဲ့ဆုတ်ခွာပေးခဲ့ရကာ PDF တစ်ဦး ပေါင်နှင့်လက် ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အတူ ရှေ့တန်း ရုံးစခန်းအတွင်းလက်နက် ၁၁ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ခန့်မှန်းတန်ဖိုး ကျပ် သိန်း၂၀၀၀ ခန့် ဆုံးရှူံးခဲ့ရကြောင်း YGF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
YGF အနေဖြင့် ပြီးခဲ့သည့် အာဇာနည်နေ့တိုက်ပွဲတွင်လည်း ရဲဘော်စောမွန်လေး ကျည်ထိသေဆုံးထားကာ ထို့နောက်ဆက်တိုက်စီးနင်းခံလိုက်ရခြင်းလည်းဖြစ်သည်။