၂၉. ၇. ၂၀၂၃
Written by Nay Moe
မိသားစုသုံးဦးအပါအဝင် လူ ၅ ဦးမှာ ဇူလိုင် ၂၄ ရက်တစ်နေ့တာအချိန်အတွင်း PDF များ၏ ပစ်ခတ်သ-တ်ဖြတ်မှုကို ခံခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဥ်များမှာ ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မကျည်းစင်ကျေးရွာနေ ဦးဇော်မင်းထိုက်(၃၉)နှစ် (ဘ)ဦးဘိုချစ် မောင်းနှင်ပြီး ခရီးသည်ခုနှစ်ဦးတို့ လိုက်ပါလာသည့် Hiace အဖြူရောင်ယာဉ်သည် ပခုက္ကူ-ကမ္မ-ပေါက် ကားလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ မောင်းနှင်ထွက်ခွာလာစဉ် ကန်တော်ကျေးရွာအနီးအရောက်၌ လမ်း၏ယာဘက်မှနေ၍ PDF အဖွဲ့အင်အား (စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်ခုနှစ်ဦးအနက် မန်ကျည်းစင်ကျေးရွာနေ ဒေါ်ညွန့်မေ (၆၅)နှစ် (ဘ) ဦးကြူတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေးပို့ဆောင်ပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လှည်းကူးမကျေးရွာအဝင်လမ်းဘေး၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီး-တောင်သာကားလမ်းမှ လှည်းကူးမကျေးရွာ အဝင်လမ်းဘေး၌ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ)တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၁၀ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စန္ဒကူး (၁-ခ) ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်အေး(၄၈)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ပြည့်လျှန် (၁၆) နှစ် (ဘ) ဦးတောက်ထွန်းနှင့် သမီးဖြစ်သူ မငြိမ်းငြိမ်း (၂၁)နှစ် (ဘ) ဦးတောက်ထွန်းတို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် ခုနှစ်ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားခဲ့သဖြင့် ဒေါ်အေး၊ မောင်ပြည့်လျှန်နှင့် မငြိမ်းငြိမ်းတို့ သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NUG ဩဇာခံ PDF များအနေဖြင့် “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် သံဃာများ၊ ဆရာ၊ ဆရာမများ၊ ကလေးသူငယ်များနှင့် နိုင်ငံဝန်ထမ်းများအပါအဝင် လက်နက်မဲ့ပြည်သူ ၆၁၀၀ အထက် သ-တ်ဖြတ်ထားကြောင်း နစကအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။