၂၆. ၇. ၂၀၂၃
Written by Nay Moe
မကွေးတိုင်းအနောက်ခြမ်းဒေသနှင့် ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို PDF များနှင့် မဟာမိတ်တပ်သားများက လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်လျက်ရှိရာ လခရ ၂၀ ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားသော်လည်း PDF ၉ ဦးသာ မစိုးရိမ်ရ ဒဏ်ရာရထားသည်ဟု NUG ၏ MOD PDF စစ်ရုံးချုပ်က ယခုထုတ်ပြန်သည်။
ထိုဖြစ်စဥ်များမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်၊ မနက် ၈ နာရီ ၂၇ မိနစ်မှ ၈ နာရီ ၅၂ မိနစ်ခန့်အထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့်လှိုင်ဒုတ်ကြားတွင် တပ်မ (၈၈)၊ ခလရ(၃၀၄) ပူးပေါင်းအင်အား (၁၀၀) ခန့်စစ်ကြောင်းကို PDF အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၆)နှင့် CDF ကန်ပက်လက် ခေါနု တပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦး သေဆုံးပြီး PDF ဘက်မှ မဟာမိတ်ပူးပေါင်းတပ်သား ၄ ဦးသာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရခဲ့သည်ဟု ဆိုသည်။
ထို့အတူ ဇူလိုင် ၂၄ ရက်၊ ညနေ ၅ နာရီတွင် တပ်မ(၈၈) လက်အောက်ခံ ခမရ (၃၀၁)၊ (၃၁၇)ပူးပေါင်းတပ်အင်အား (၁၅၀) ခန့်စစ်ကြောင်းကို လဲပုံးလမ်းခွဲအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၃) နှင့် CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ ရန်သူ့တပ်သား ၁၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်သား ၅ ဦးသာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရခဲ့သည်ဟု NUG က ပြောသည်။