MT News
Written by Hey Mar
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ ၈ တန်းကျောင်းသားလူငယ်တစ်ဦး ဆွဲကြိုးချသေဆုံးခဲ့တဲ့ဖြစ်စဥ် ဇူလိုင် ၂၅ ရက်နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတစ်သင်းဖြစ်တဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ မကွေးမြို့၊ သန်းတောကုန်းကျေးရွာမှာနေထိုင်တဲ့ အသက်(၁၆)နှစ်အရွယ် (၈) တန်းကျောင်းသားလူငယ်က နေအိမ်မှာ မိသားစုဝင်တွေ မရှိစဥ် အချိန်မှာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရောက်တော့ နေ့လယ် ၁၂ ခွဲလောက်ရှိမယ်။ ဘယ်အချိန်က ဖြစ်လဲတော့ သေချာမသိဘူး။ အလောင်းကို အောက်ကိုတောင် ချထားပြီးပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးပြီးလို့ ရုပ်အလောင်းလာသယ်ပါဆိုလို့ သွားရောက်ကူညီ သယ်ဆောင်ပေးတာပါ။သူက ပလပ်စတစ်ကြိုးနဲ့ပဲ သူ့အိမ်အပေါ်ထပ် ထုပ်တန်းမှာ ကြိုးဆွဲချသေနေတာ။ ကျောင်းစိမ်းပုဆိုးလေး ဝတ်လျှက်ပဲ။ ဘာကြောင့်ကြံစည်တယ် ဘယ်လိုအကြောင်းတွေ ရှိတယ်တော့ သေချာမသိပါဘူး”လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဥ်နဲ့ သယ်ယူပြီး မကွေးပြည်သူဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။