MT News
Written by Naing Thuta
ချမ်းမြသာစည်မြို့နယ်ရှိ ပုဂ္ဂလိကပိုင်မြေကွက်များတွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၀၀ ခန့်အား ယမန်နေ့မနက်ပိုင်းမှ ညနေအထိ ဖြိုဖျက်ရှင်းလင်းခံရသော ကြောင့် လူဦးရေ ၆၁၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင် ၂၅ ရက်)မနက် ၉ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၀ လမ်းမှ ၁၁၂ လမ်းထိ၊ အကွက်အမှတ် (ဇ-၉)၊ ဦးပိုင်အမှတ်(၁-ခ)မှ (၂၀-ခ)အထိ ပုဂ္ဂလိကပိုင်မြေကွက်တွင် တရားမဝင်ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၀၀ လုံး (ယာယီ ၉၇ လုံး၊ အခိုင်အမာ-၃ လုံး)ခန့်အား မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဖြိုဖျက်ရှင်းလင်းခဲ့သောကြောင့် အိမ်ထောင်စု ၁၀၀ စုမှ လူဦးရေ အမျိုးသား ၃၀၇ ဦး၊ အမျိုးသမီး ၃၀၄ ဦး၊ စုစုပေါင်း ၆၁၁ ဦးတို့ကို ဖယ်ရှားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်အောင်မှ MT News သတင်းဌာနသို့ ပြောသည်။
” မနက်ထဲက ချမ်းစည်က မြို့သစ်(၄)ရပ်ကွက်မှာ စည်ပင်ကလူတွေရောက်လာပြီး ဘူဒိုဇာနဲ့ထိုးပြီးဖြိုနေကြတယ်။ စစ်သားနဲ့ရဲတွေလည်း အများကြီးပဲ။ လမ်းထိပ်တွေမှာ စောင့်နေကြတယ်။ အချို့အိမ်တွေက အလုပ်သွားကုန်ကြတော့ ဘာမှမရလိုက်ဘူး။ အချို့ကြတော့လည်း ရတာတွေအကုန်ဝိုင်းဆွဲကြတာ။ အိမ်ခြေ ၁၀၀ ကျော်လောက်ပါမယ်။ အဖျက်ခံရတဲ့အထဲ တော်တော်တော့များတာပဲ”ဟု အမည်မဖော်လိုသူ မြို့နေပြည်သူတစ်ဦးက ပြောပြသည်။