MT News
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့(အနောက်ဘက်) သာလှပင်စီကျေးရွာရှိ နေအိမ်တစ်အိမ်မှာ ခြံဝန်းထဲ တူးဖော်ထားတဲ့ ရေကန်အတွင်း အမျိုးသမီးငယ်တစ်ဦးရေနစ်သေဆုံးမှု ဇူလိုင် ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကြို့ပင်ကောက်မြို့ နာရေးကူညီမှုအသင်းကနေ သိရပါတယ်။
သေဆုံးသူဟာ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်မှာ တစ်ဦးတည်းရှိနေတုန်း အခုလိုသေဆုံးခဲ့တာလို့ သွားရောက်ကူညီကယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ အဆိုပါနာရေးကူညီမှုအသင်းကနေ သိရပါတယ်။
အသင်းတာဝန်ရှိသူက ”ကျွန်တော်တို့ကို ရေနစ်သေတဲ့အလောင်းကောက်ပေးပါဆိုပြီး သက်ဆိုင်ရာက အကူအညီတောင်းတယ်။ ကျွန်တော်တို့ရောက်တော့ အလောင်းက ရေကန်ထဲကနေ ဆွဲတောင်တင်ပြီးနေပါပြီ။ဘာကြောင့် အခုလို နစ်ရလဲတော့ သေချာတော့မသိပေမယ့် ကောင်မလေးရဲ့ အမျိုးသားက အလုပ်သွားချိန်၊ အဖေက မြို့ဈေးသွားတယ်။ အမေက ရွာထဲရောက်နေချိန် ဖြစ်သွားတာမို့ မျက်မြင်လည်းမရှိဘူး။ ၁၁ နာရီလောက်ရောက်တော့ သေဆုံးသူကလေးမလေးကို မတွေ့တာနဲ့ ဘယ်သွားလဲဆိုပြီးလိုက်ရှာရင်း ရေကန်ထဲမှာတွေ့တာလို့ ပြောပြတယ်” လို့ MT News ကို ပြောပါတယ်။
ရေနစ်သေဆုံးတဲ့ ကန်က အကျယ် ၁၅ပေခန့် ၊ အနက် ၈ပေခန့်ရှိတဲ့ ဘက်ဟိုးနဲ့ ကုတ်တူးထားတဲ့ ကန်ဖြစ်ပြီး၊ သုံးရေကန်လုပ်ထားတယ် ဆိုတာထက် အိမ်ဆောက်မယ့်နေရာကို ကုန်းမြင့်အောင် မြေဖို့ရာကနေ ဖြစ်လာတဲ့ ကန်လို့ သိရပါတယ်။ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနိုင်ဖို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို နာရေးကူညီမှုအသင်းကြို့ပင်ကောက် နိဗ္ဗာန်ယာဥ် နဲ့ ပို့ဆောင်ပေးခဲ့ပြီး ၊ စစ်ဆေးမှုတွေအပြီးမှာ သင်္ဂြိုလ်ဖို့အတွက် နေအိမ်ကိုပြန်လည်ကူညီပို့ဆောင်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။
ဓာတ်ပုံ – ကြို့ပင်ကောက် နာရေးကူညီမှုအသင်း