၂၅. ၇. ၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မှတ်ပုံတင်အတု တစ်ခုကို ငွေကျပ် ၄၅ သိန်းဖြင့် ဆောင်ရွက်ပေးခဲ့သူ နှစ်ဦးအား ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဲယားကမ္ဘောဇလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များကို မှတ်ပုံတင်စစ်ဆေးခြင်း ဆောင်ရွက်စဉ် စစ်တွေမြို့နယ်၊ အလားသင်ရွာ တွင် နေသူ အသက် ၁၉ နှစ်အရွယ် ကျော်ကျော်နိုင်(ခ)မာမွတ်ဂျော်လောင် ၏ မှတ်ပုံတင်မှာ အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။
“သိရသလောက်က စစ်ဆေးတော့ ဂျော်လောင် ဟာ သူ့ဦးလေးဆီ သွားချင်လို့ မှတ်ပုံတင် အတု လုပ်ရတဲ့အကြောင်း ထွက်ဆိုတာကြောင့် တာဝန်ရှိသူတွေက ဘယ်သူက လုပ်ပေးတာလဲ၊ ဘယ်လို ပေးရသလဲ စစ်တာမှာ နောက်ဆက်တွဲ အနေနဲ့ ထပ်ပြီးတော့ ပေါ်ပေါက်တာ။ အရင်ကလည်း အခုလို မှတ်ပုံတင် အတုနဲ့ ရန်ကုန်ဘက် လာဖို့ လုပ်တာတွေ ရခိုင်မှာ ခဏခဏမိနေတာ” ဟု ၎င်းက ဆိုသည်။
မှတ်ပုံတင် အတု အတွက် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမတွင် နေသူ အသက် ၂၄ နှစ်အရွယ် ဇော်မှိုင်း နှင့် စစ်တွေမြို့နယ်၊ မင်းဂံရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် ဦးလှရွှေတို့ထံ ချိတ်ဆက်လုပ်ခဲ့ပြီး ငွေကျပ် ၄၅ သိန်းကို ၅ ကြိမ်ခွဲကာ ပေးခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇော်မှိုင်း နှင့် ဦးလှရွှေတို့ကို ဦးလှရွှေ ၏ အိမ်တွင် ဖမ်းမိခဲ့ပြီး ကျော်ကျော်နိုင်(ခ)မာမွတ်ဂျော်လောင်ကို လဝကအက်ဥပဒေဖြင့် လည်းကောင်း၊ မှတ်ပုံတင် အတု ပြုလုပ်ပေးသူ ဇော်မှိုင်းနှင့် ဦးလှရွှေတို့အား ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။