၂၅. ၇. ၂၀၂၃
Written by Peya
တောင်ငူမြို့နယ်တွင် လေပြင်းတိုက်သောကြောင့် အိမ်ပေါ် သစ်ပင်ပိ၍ သေဆုံးခဲ့သူ သားအဖ နှစ်ဦးအတွက် ထောက်ပံ့ငွေ ၆ သိန်း အပါအဝင် စုစုပေါင်း ကျပ် ၈ သိန်းကျော် ပေးအပ်ခဲ့ကြောင်း တောင်ငူ မြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ဇူလိုင်လ ၂၃ ရက် နံနက် တစ်နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံရာဇာရွာ တွင် မိုးရွာပြီး လေပြင်းတိုက်သည့်အတွက် နေအိမ်တစ်လုံးပေါ် မန်ကျည်းပင် လဲကျရာ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ နှင့် အသက် ၃၃ နှစ်အရွယ် ဖခင်ဖြစ်သူ သေဆုံးခဲ့ကာ အသက် သုံးနှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၃၃ နှစ်အရွယ် မိခင်ဖြစ်သူတို့ ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေက မနေ့က ပေးတာဗျ။ စုစုပေါင်း ပေးတာက ၈၅၄,၇၀ဝ ကျပ်ပါ။ ဒဏ်ရာရသွားတဲ့သူ နှစ်ယောက်ကလည်း အခု အခြေအနေ ကောင်းနေပါပြီ” ဟု အထက်ပါ မြို့ခံက ဆိုသည်။
ထိုသို့ ပေးအပ်ရာတွင် တစ်စိတ်တစ်ပိုင်း ပြိုလဲပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၄၀,၀၀၀၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၁၄,၇၀၀၊ သေဆုံးသူ(၂)ဦးအတွက် ကျပ် ၆၀၀,၀၀၀၊ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ကျပ် ၁၀၀,၀၀၀ စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၈၅၄,၇၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေကျပ် ၄၀,၄၇၀ တို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။