၂၅. ၇. ၂၀၂၃
Written by Peya
ကုန်းဘောင်မင်းဆက် ၁၁ ဆက်၊ အိမ်ရှေ့စံ ကနောင်မင်း နှင့် ဆွေတော်မျိုးတော်များကို ရည်စူးကာ အမျှတော်ဆက်မည့် အလှူမင်္ဂလာ အခမ်းအနားကို ပြုလုပ်မည်ဖြစ်ကြောင်း ဆွေတော်မျိုးတော်တစ်ဦးဖြစ်သူ ကိုထိပ်တင်စည်သူဟိန်း က MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါအခမ်းအနားကို ကုန်းဘောင်ခေတ် ဆွေတော်မျိုးတော်များအသင်း (အောက်မြန်မာပြည်) က စီစဉ်ခြင်း ဖြစ်ကာ လာမည့် စက်တင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ၊ ကြားတောရလမ်းရှိ မင်းတုန်းမင်းတရားကြီး၏ အလှူတော် ဝတ္တကမြေ ၊ ကျောင်းတော်ရာ ရွှေကျင်တိုက် ၊ ရွှေကျင်ဗိမာန်တော်ကြီးတွင် ပြုလုပ်မည်ဖြစ်ကာ ဝါဆိုသင်္ကန်း ကပ်လှူပြီးနောက် အထက်ပါအတိုင်း အမျှတော်ဆက်သမည် ဖြစ်ကြောင်းလည်း သိရသည်။
“မင်း ၁၁ ပါး စလုံးကို အမျှတော်ဆက်မှာပါ။ အိမ်ရှေ့စံ ကနောင်မင်းသားလည်း ပါပါတယ်။ ဘုန်းကြီးလည်း ၁၁ ပါး ပင့်ထားပါတယ်။ ကုန်းဘောင်မင်းဆက် ၁၁ ပါးစလုံးကို ရည်စူးပါတယ်။ ပြီးတော့ မိဖုရား၊ သားတော်၊ သမီးတော်တွေ ဆွေတော်မျိုးတွေပေါ့လေ။ မကျွတ်မလွတ်ရှိခဲ့ရင်လည်း ကျွတ်လွတ်အောင် ဝါဆိုသင်္ကန်း ကပ်ပြီးတော့ အမျှအတန်း ပေးဝေတာပါ” ဟု ကိုထိပ်တင်စည်သူဟိန်း က ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ကုန်းဘောင်ထီးနန်းဆက် ဆွေတော်မျိုးတော်များ ၊ မှူးတော်မတ်တော်၊ မြို့စား၊ နယ်စား ၊ စော်ဘွား အပေါင်းတို့၏ အနွယ်တော်များ၊ မိတ်ဆွေများ တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
“နှစ်တိုင်းက မန္တလေးမှာ သွားပြီးတော့ ဆုံတယ်ပေါ့။ ဆွေတော်မျိုးတော် အစုံ မလာနိုင်ကြဘူး။ အဲ့ဒီတော့ အောက်မြန်မာပြည်က ဆွေတော်မျိုးတော်တွေလည်း စုံစုံလင်လင် ကုသိုလ်ပြုနိုင်အောင်ပေါ့။ ရွှေကျင်ဗိမာန်တော်ကြီးကလည်း မင်းတုန်းမင်းကြီး လှူထားတဲ့ ဝတ္တကမြေလေ။ အဲ့ဒီနေရာမှာ ဆောက်ထားတဲ့ ကျောင်းဆိုတော့ ကိုယ့်ဘိုးဘေးရဲ့ ကုသိုလ်လည်း ပါတယ်ပေါ့။ ပြီးတော့ အောက်မြန်မာပြည် ဆွေမျိုးတွေကျတော့ ရန်ကုန်မှာလည်း လုပ်ဖြစ်တာဆိုတော့ စုံစုံလင်လင် လာနိုင်တယ်ပေါ့။ မန္တလေးကိုတောင်မကြွရောက်နိုင်တဲ့ သက်တော်ဝါတော်ကြီး ဆွေတော်မျိုးတော်တွေလည်း လာနိုင်ကြတယ်ပေါ့။ သူတို့ အတွက် ပြောမယ်ဆို လက်ထိလက်ရောက် ကုသိုလ်ပြုနိုင်ဖို့ ကုသိုလ်ပွဲ ဖန်တီးပေးတဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။