၂၄.၇. ၂၀၂၃
Written by Naing Thuta
တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျရာမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနှင့် ဖခင်ဖြစ်သူတို့ သေဆုံးကာ ၃ နှစ်ရွယ်သမီးနှင့် ဇနီးဖြစ်သူတို့နှစ်ဦး ဒဏ်ရာရရှိမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံအခြေစိုက်ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိူင်လ ၂၃ ရက်နေ့)နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာအတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျခဲ့ရာမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနှင့် အသက် ၃၃ နှစ်ခန့်ရှိသာဖခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ၃ နှစ်အရွယ်သမီးဖြစ်သူနှင့် အသက် ၃၃ နှစ်အရွယ်ဇနီးဖြစ်သူတို့ ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
” လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာနေချိန်မှာ မိသားစုဝင် ၄ ယောက်ရှိတဲ့နေအိမ်ပေါ်ကို မန်ကျည်ပင်ကြီးလဲကျခဲ့လို့ အဲ့မိသားစုထဲက သားနဲ့အဖေက သစ်ပင်ပိပြီးတော့ သေသွားကြတယ်။ သုံးနှစ်အရွယ်ကလေးနဲ့မိန်းမဖြစ်သူတို့ကတော့သစ်ကိုင်းနဲ့ရိုက်မိပြီး ဒဏ်ရာရခဲ့လို့ တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်” ဟု သွားရောက်ကူညီပေးခဲ့တဲ့ပရဟိတအသင်းတွင်ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။