MT News
Written by Nay Moe
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက NUG ဩဇာခံ PDF ၊ ပကဖ၊ ပအဖတွေ၊ LPDF တွေအနေနဲ့ ရွှေဘို-မန္တလေး၊ ရွှေဘို – မုံရွာ ကားလမ်းပေါ် ဂိတ်စခန်းဖွင့် အလှုငွေတွေ ဆက်ကြေးငွေကောက်ခံမှုမပြုဖို့ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က သုံးကြိမ် သတိပေးထားမြစ်ထားပြီး ဇူလိုင် ၆ ရက်နောက်ဆုံးထုတ်ပြန်ချက်အရ ဆက်ကြေးကောက် PDF တွေကို စတင် အရေးယူတော့မယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှူးညွှန်ကြားချက်အရ ၂၀၂၂ ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၃ ဇွန် ၇ ရက်၊ ဇူလိုင် ၆ ရက်တွေမှာ PDF တွေ လမ်းပေါ်ကို ထွက်၊ ဂိတ်စခန်းတွေဖွင့်၊ ပိုက်ဆံတွေကောက်၊ အလှုတွေခံတာ မလုပ်ဖို့ တားမြစ်ပေမဲ့ PDF တွေ၊ ပကဖတွေ၊ ပအဖတွေ၊ LPDF တွေက လိုက်နာမှုမရှိဘဲ ပြည်သူ့ဆီက ဆက်ကြေးဆက်ကောက်နေခဲ့ပါတယ်။
“သုံးကြိမ်တိုင်တိုင်စာဖြင့် အသိပေးထားပြီးဖြစ်ပြီး ဖုန်းဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ်ရှင်းပြပြီးဖြစ်ကြောင်း သတင်းမီဒီယာများအား ကြိုတင်အသိပေးပါသည်”လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး Facebook Page မှာလည်း ဆက်ကြေးကောက်နေတဲ့ PDF တွေကို အရေးယူတော့မယ့်သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ခရီးသွားပြည်သူတွေ ပူးပေါင်းပါဝင် ထိန်းကျောင်းနိုင်ဖို့နဲ့ သတင်းပေးတိုက်ကြားနိုင်ဖို့ တယ်လီဂရမ်ချန်နယ်ဖွင့်လှစ်မယ်လို့လည်း ဖော်ပြထားပြီး PDF တွေ၊ ပကဖတွေ၊ ပအဖတွေ၊ LPDF တွေ ဒီလိုဆက်ကြေးကောက်နေတာက ခရီးသွား ပြည်သူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်းလည်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။