MT News
၂၃. ၇. ၂၀၂၃
ကျပ် ၂၀၀၀၀ တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်မှာ စတင်ထုတ်ဝေမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုပြသဖို့ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့၊ တိုင်းပြည်နဲ့ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ “ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ မွေးဖွားသန့်စင်တဲ့ ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက “ရဲ့ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်ကစ ထုတ်ဝေမှာပါ။
အဲဒီ ၂၀၀၀၀ တန် ငွေစက္ကူကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ငွေစက္ကူတွေထဲက ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲဖို့ မသင့်တဲ့ ငွေစက္ကူအမျိုးအစားအသီးသီးနဲ့“ တန်ဖိုးတူ” လဲလှယ်ဖို့သာဖြန့်ဝေမယ်လို့ ဆိုပါတယ်။
ကနဦးမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် – နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနဲ့ မန္တလေးဘဏ်ခွဲတို့မှာ ဟောင်းနွမ်း ငွေစက္ကူတွေနဲ့“ တန်ဖိုးတူ” လဲလှယ်ပေးမှာပါ။
လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူများနဲ့ ငွေအကြွေတွေကလည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမှာပါ။
၂၀၀၀၀ တန် ငွေစက္ကူအသစ်ဟာ အရွယ်အစားက အလျား(၁၅)စင်တီမီတာနဲ့ အနံ (၇ )စင်တီမီတာရှိပြီး အစိမ်းနုရောင်ပါ။ ငွေစက္ကူ ထိပ်ပိုင်းမှာ“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်”စာတန်းရိုက်နှိပ်ထားပြီး မျက်နှာစာဘက်အလယ်ပိုင်းမှာ မြန်မာ့အနုပညာလက်ရာမြောက် ရတနာဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားသလို ငွေစက္ကူရဲ့လက်ယာ ဘက်မှာငွေစက္ကူ တန်ဖိုးကို မြန်မာစာသားနဲ့“နှစ်သောင်းကျပ်”လို့ ဖော်ပြထားတာပါ။ ထောင့်သုံးထောင့်မှာလည်း ငွေစက္ကူတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဂဏန်းတွေနဲ့ ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူနံပါတ်ကို မြန်မာ အက္ခရာ မြန်မာဂဏန်းနဲ့ အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူရဲ့လက်ဝဲဘက်မှာ ရတနာဆင်ဖြူတော် ဦးခေါင်းပုံ ရေစာပါရှိသလို ငွေစက္ကူရဲ့ ဘယ်ညာအစွန်းတွေမှာ အမြင်အာရုံ ချို့ယွင်းသူတွေ အထိအတွေ့နဲ့ အာရုံခံသိရှိနိုင်တဲ့ မျဉ်းတို(၁၂)ချောင်းစီ ကို ရိုက်နှိပ်ထားပါတယ်။
ကျောဘက်မှာဆိုရင် စစ်ကိုင်းတံတားပုံနဲ့ ဧရာဝတီတံတား (ရတနာပုံ)အား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်းမှာ “CENTRAL BANK OF MYANMAR” စာတန်း၊ အောက်ပိုင်းမှာ “TWENTY THOUSAND KYATS” ဆိုတဲ့ စာတန်းရိုက်နှိပ်ထားပါတယ်။ ထောင့်သုံးထောင့်မှာ ငွေစက္ကူရဲ့ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဂဏန်းတွေနဲ့ ရိုက်နှိပ်ထားပြီး နောက်ကျောဘက်မှာ ရှုထောင့် အမျိုးမျိုးပြောင်းလဲကြည့်ရင် ရွှေရောင်ကနေ အစိမ်းရောင် ပြောင်းလဲတဲ့ Color Shift လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။