◾အသစ်ထပ်မံတွေ့ရှိခဲ့သော HIV ကူးစက်ခံရသူများထဲတွင် မြန်မာ့လူငယ်များကူးစက်ခံရမှု ပိုမိုမြင့်တက်လာဟု ကုလသမဂ္ဂ ပြော
၂၃. ၇. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိခဲ့သော HIV ကူးစက်ခံရသူများထဲ၌ လူငယ်များ ကူးစက်ခံရမှု ယခင်ထက် ပိုမိုများပြားလာခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်သော UNAIDS သည် UNAIDS 2023 HIV Estimates အမည်ရှိ ကမ္ဘာတဝှမ်း HIV ကူးစက်ခံရမှုအခြေအနေကိုထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိခဲ့သော HIV ကူးစက်ခံရသူများထဲ လူငယ်များ ကူးစက်ခံရမှုက အာဆီယံဒေသတွင်းနိုင်ငံများ၌ အများဆုံးဖြစ်နေကြောင်း UNAIDS အဖွဲ့က ဖော်ပြခဲ့သည်။
UNAIDS ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အသစ်ထပ်မံ တွေ့ရှိရသော HIV ကူးစက်ခံရသူများထဲ လူငယ်များကူးစက်ခံရမှုက ၅၃ ရာခိုင်နှုန်းရှိနေခဲ့ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ထက် ပိုများလျက်ရှိနေကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အသစ်ထပ်မံတွေ့ရှိခဲ့သော HIV ကူးစက်ခံရသူများထဲ၌ လူငယ်များကူးစက်ခံရမှု ၄၈ ရာခိုင်နှုန်း၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် လူငယ်များကူးစက်ခံရမှုက ၄၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်အသစ်ထပ်မံတွေ့ရှိရသော HIV ကူးစက်ခံရသူများထဲ၌ လူငယ်များကူးစက်ခံရမှုက ၄၃ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင်လူငယ်များကူးစက်ခံရမှုက ၄၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း UNAIDS အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
ကမ္ဘာတဝှမ်းတွင် HIV ကူးစက်ခံရသူဦးရေ ၃၉ သန်းရှိနေပြီး အဆိုပါအရေအတွက်ထဲတွင် အသစ်ထပ်မံကူးစက်ခံရသူ ၁ ဒသမ ၃ သန်းရှိနေကြောင်း UNAIDS အဖွဲ့ကဆိုသည်။
မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူ အနည်းဆုံး ၂၈၀၀၀၀ ရှိနေပြီး ART ဆေးသောက်သုံးနေရသူဦးရေ ၂၀၈၄၈၀ ဦးရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်အသစ်ထပ်မံတွေ့ရှိခဲ့သော HIV ကူးစက်ခံရသူဦးရေအနည်းဆုံး ၁၁၀၀၀ ကျော်ရှိနေသော်လည်း သေဆုံးသူအရေအတွက်မှာမူ လျော့နည်းခဲ့ကြောင်း၊ အာဆီယံဒေသအတွင်း HIV ကူးစက်ခံရသူဦးရေ တိုးမြင့်လာခဲ့သော် လည်း HIV နှင့်ဆက်နွှယ်ပြီး သေဆုံးသူအရေအတွက်က ၂၀၁၀ နောက်ပိုင်း အနည်းဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။
အာဆီယံဒေသအတွင်းရှိ လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်ဆက်ဆံမှု၊ လိင်တူ ဆက်ဆံမှုများကြောင့် HIV ကူးစက်ခံရသူများထဲတွင် လူငယ်များ ကူးစက်ခံရမှုလာမှု ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း UNAIDS က ဖော်ပြထားသည်။