၂၃. ၇. ၂၀၂၃
Written by Phyo Wei
၁။
NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ်အတွင်းမှာ အိမ်ခြံမြေတွေကို နေထိုင်ဖို့မဟုတ်ဘဲ ဝယ်ယူစျေးကစားသူတွေကို ပစ္စည်းခွန်ကောက်ခံပြီး တားဆီးမယ်လို့ အဲဒီအချိန်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း(လက်ရှိ နစကလက်ထက်အစိုးရလက်ထက်တွင်လည်း စီမံဘဏ္ဍာဒုဝန်ကြီး) က ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။
အိမ်ခြံမြေစျေးကစားတဲ့သူတွေကို တားဆီးဖို့ ကောက်ခံမဲ့ အခွန်နာမည်က “ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း)” အမည်နဲ့ဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေအကြံဉာဏ်တွေ တောင်းခံထားတယ်လို့ ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ ဖြေခဲ့ပါတယ်။
အဲဒီအချိန်က ပြည်သူ့လွှတ်တော်မှာ အိမ်ခြံမြေပိုင်ဆိုင်ခြင်းနဲ့ လူမှုဘဝတည်ငြိမ်မှု ရရှိခံစားနိုင်စေဖို့၊ အိမ်ခြံမြေဈေးကစားသူတွေက နေထိုင်ဖို့မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်းက အကာအကွယ်ပေးနိုင်ဖို့ ပိုင်ဆိုင်မှုအခွန် (Property Tax) ကောက်ခံဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဦးမောင်မောင်ဝင်းက ဖြေဆိုခဲ့တာပါ။ ဦးမောင်မောင်ဝင်းက ဖြေဆိုခဲ့ရာမှာ မြန်မာနိုင်ငံမှာ ပစ္စည်းခွန်ကောက်ခံတာနဲ့ စပ်လျဉ်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ စည်ပင်သာယာရေးအဖွဲ့တွေက စည်ပင်သာယာရေးဥပဒေအရ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ကောက်ခံနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြဋ္ဌာန်းထားတဲ့ ပစ္စည်းခွန်ဥပဒေ မရှိသေးတာကြောင့် ပစ္စည်းခွန်ကောက်ခံမှုအပေါ် ကြီးကြပ်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တွေအပါအဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီ တာဝန်ရှိသူတွေက ၂၀၁၆ ခုနှစ် အောက်တိုဘာကစပြီး တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ (မူကြမ်း) ကိုရေးဆွဲခဲ့တယ်လို့ ဦးမောင်မောင်ဝင်းက ဖြေဆိုခဲ့ပါတယ်။
“ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံရေးအတွက် ပစ္စည်းခွန်ကောက်ခံမှု ကြီးကြပ်ရေးဗဟိုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အဆိုပါအဖွဲ့က နှစ်စဉ် မြေ၊ အဆောက်အအုံငှားရမ်းခ စံနှုန်းသတ်မှတ်ချက်တန်ဖိုးကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ သတ်မှတ်မှာဖြစ်ပါတယ်။ ဒီလို နှစ်စဉ်သုံးသပ် တန်ဖိုးသတ်မှတ်ပြီး ကျသင့်ပစ္စည်းခွန်ကို ကောက်ခံမှာဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကစားသူတွေက အိမ်ခြံမြေတွေကို နေထိုင်ဖို့မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကစားမှုပြုတာကို တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသေးတယ်။
ဒါပေမဲ့လည်း အဲဒီ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုတဲ့အဆင့်ရောက်မလာခဲ့သလို NLD အစိုးရဟောင်း ဖြုတ်ချဖမ်းဆီးခံခဲ့ရတဲ့ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ ပြဌာန်းနိုင်မှု မရှိတော့သလို အမေ့ခံဥပဒေဖြစ်သွားခဲ့ပါပြီ။
ဒီလိုမျိုး အစိုးရအဆက်ဆက် ပြဌာန်းဖို့ ပျက်ကွက်ခဲ့တဲ့ ပိုင်ဆိုင်မှု အခွန်ဥပဒေဟာ မြန်မာနိုင်ငံမှာ အတည်မပြုနိုင်ခဲ့တာကြောင့် ဒီနိုင်ငံမှာ အမြဲတမ်းလိုလို အိမ်ခြံမြေ စျေးကစားမှုတွေဖြစ်လိုက်၊ အစိုးရကထိန်းလိုက်ရင် ဒါမှမဟုတ် လူထုကြားမှာ မဝယ်ယူနိုင်တော့ရင် အိမ်ခြံမြေပူဖောင်းပေါက်ပြီး မြန်မာ့စီးပွားရေးအပေါ် ထိခိုက်လိုက်နဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ တည်ငြိမ်မှုမရှိဘဲ အမြဲလိုလို ထိခိုက်နေရတာပါ။ လက်ရှိအချိန်မှာတော့ ဒီဥပဒေဟာ ပြဌာန်းသင့်တဲ့အချိန်အခါကိုရောက်လာနေပြီဖြစ်သလို အိမ်ခြံမြေစျေးကစားသူတွေကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လထက်စာရင် ငါးဆလောက် စျေးတက်လာတဲ့ အိမ်ခြံမြေစျေးကို ဥပဒေနဲ့ ထိန်းကျောင်းဖို့ အခါအခွင့်သင့်နေပြီလို့ ပြောရမှာပါ။
၂။
ပိုင်ဆိုင်မှုအခွန်(Property Tax) လို့ ပြောတာနဲ့ ဒီလိုမျိုး အခွန်စည်းကြပ်မှုကို မကြိုက်တဲ့ အိမ်ခြံမြေစျေးကစားသူတွေဟာ မြန်မာနိုင်ငံမှာ Property Tax ကို မြို့အလိုက် စည်ပင်သာယာရေးကော်မတီတွေက ကောက်နေပါတယ်။ ပြဌာန်းစရာ မလိုပါဘူးဆိုတဲ့ တလွဲသတင်းစကားတွေကို ပေါက်ရောက်သူတွေက တစ်ဆင့် ဥပဒေပြုသူတွေ အမှတ်အယူလွဲအောင် ဂျင်းထည့်တတ်ကြပါတယ်။
တကယ့်တကယ်တမ်းမှာတော့ စည်ပင်ဥပဒေအရ ကောက်ခံတဲ့ ပစ္စည်းခွန်ဆိုတာက ဥပမာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကောက်ခံနေတဲ့ ပစ္စည်းခွန်နဲ့ ပြောရမယ်ဆိုရင် ဒီ ပစ္စည်းခွန် (Property Tax) ဆိုတာက မြေဖြစ်စေ၊ အဆောက်အဦဖြစ်စေ၊ မြေနဲ့အဆောက်အဦဖြစ်စေ သူတို့ရဲ့ နှစ်စဉ်တန်ဖိုးအပေါ်မှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းနဲ့ ကောက်ခံတဲ့အခွန်ဖြစ်ပြီး အဲဒီအခွန်ထဲမှာ အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နဲ့ အညစ်အကြေးအခွန် စတာတွေ ပါဝင်တာပါ။ ကော်မတီက မြို့တော်နယ်နိမိတ်အတွင်းမှာရှိတဲ့ အစိုးရဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂလိကပိုင်မြေနဲ့ အဆောက်အဦတွေအပေါ် ပစ္စည်းခွန်စည်းကြပ်ရမယ်လို့ ပြဌာန်းချက်မှာ ပါတဲ့အတိုင်း ကောက်ခံနေတာပါ။ အဲဒီလိုကောက်ခံရာမှာ ပုဂ္ဂလိကပိုင် သာမန်လူနေအဆောက်အဦတွေအပေါ် ၆ လတစ်ကြိမ် ရာဖြတ်ဌာနကစည်းကြပ်ပြီး Billing System နဲ့ ပြေစာတွေထုတ်ယူကာ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတွေနဲ့ ငှားရမ်းထားတဲ့ အဆောက်အဦတွေ၊ စီးပွားရေးအဆောက်အဦတွေ၊ ဟိုတယ်၊ မိုတယ်၊ အင်း၊ Residence၊ Tower ၊ Apartment ၊ စက်ရုံအလုပ်ရုံ၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အရပ်ရပ်အခွန်ဝင်ငွေအပေါ် ၅ ရာခိုင်နှုန်းနဲ့ တိုက်ရိုက်ကောက်ခံပါတယ်။ ဒါဟာ မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီတွေက ကောက်ခံတဲ့ အခွန်ပါ။
ပြည်ထောင်စုအဆင့်က ကောက်ခံရမဲ့ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေဟာ ဥပဒေပါအတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ပေးတဲ့ ဗဟိုအဖွဲ့ကနေပြီးတော့ အိမ်ခြံမြေနဲ့ ကားတွေကို ဝယ်ယူပိုင်ဆိုင်ချိန်မှာ စည်းကြပ်ရမဲ့ အခွန်ပါ။ ဥပမာ သူဌေးကြီးတစ်ဦးဟာ မိသားစုနေဖို့ အိမ်တစ်လုံး၊ စီးဖို့ ကားတစ်စီးဝယ်ယူပိုင်ဆိုင်မယ်ဆိုရင် လက်ရှိဥပဒေအတိုင်း အခွန်ကောက်ခံတာ သက်သာခွင့်ပြုတာမျိုး ခံစားခွင့်ပေးပြီး မိသားစုနေဖို့ စီးဖို့အတွက် တစ်လုံးထက်ပိုတဲ့ အိမ်ထပ်ဝယ်မယ်၊ တစ်စီးထက်ပိုတဲ့ ကားတွေ ထပ်ဝယ်မယ်ဆိုရင် အဲဒီ နေဖို့ထက်ပိုဝယ်တဲ့ အိမ်အတွက် အခွန်နှုန်း ၃၀ ရာခိုင်နှုန်း၊ တစ်စီးထက်ပိုဝယ်တဲ့ ကားအတွက် အခွန်နှုန်း ၃၀ ရာခိုင်နှုန်းအပြင် နှစ်စဉ်အခွန်ရာခိုင်နှုန်းတစ်ခုထပ်ကောက်တဲ့ အခွန်မျိုးကို ဆိုလိုတာပါ။
အဲဒီနေရာမှာပဲ သူဌေးကြီးဟာ အိမ်သုံးလုံး၊ ကားသုံးစီးဖြစ်လာရင် ထပ်တိုးဝယ်လိုက်တဲ့ သုံးခုမြောက် အိမ်နဲ့ကားအတွက် အခွန် ၄၀ ရာခိုင်နှုန်းစီ တိုးကောက်ရမှာဖြစ်သလို လေးခုမြောက်အိမ်၊ လေးစီးမြောက်ကား၊ ငါးခုမြောက်အိမ်၊ ငါးစီးမြောက်ကား၊ ခြောက်ခုမြောက်အိမ်၊ ခြောက်ခုမြောက်ကား စသလို ပိုင်ဆိုင်မှုတိုးလာလေလေ အခွန်နှုန်းတိုးကောက်၊ နှစ်စဉ်အခွန်ကောက်ပြီး စည်းကြပ်ဖို့အတွက် ရည်ရွယ်တဲ့ ဥပဒေပါ။
ဒီတော့ ပြည်ထောင်စုအဆင့်က တစ်နိုင်ငံလုံးကိုကြီးကြပ် ပြဌာန်းကောက်ခံမဲ့ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေနဲ့ မြို့အလိုက် စည်ပင်သာယာရေးကော်မတီက စည်ပင်ဥပဒေအရ ကောက်ခံတဲ့ ပစ္စည်းခွန်တွေ ရာဖြတ်ဌာနက ကောက်ခံတဲ့ ပိုင်ဆိုင်မှုအခွန်တွေဟာ ပုံစံခြင်းမတူသလို ဖွင့်ဆိုချက်ကလည်း တခြားစီပါ။
ဒါ့အပြင် မြို့အလိုက် စည်ပင်တွေက ကောက်ခံတဲ့ ပစ္စည်းခွန်ဟာ စည်ပင်က သန့်ရှင်းရေးလုပ်ဆောင်ပေးရလို့ တာဝန်အရ ကောက်ခံရတဲ့ ဝန်ဆောင်မှုအခွန်အမျိုးအစားဖြစ်ပြီး ပြည်ထောင်စုအဆင့်က ကြီးကြပ်ကောက်ခံမဲ့ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေကတော့ အိမ်ခြံမြေစျေးကစားတာကို ထိန်းချုပ်ပြီး နိုင်ငံသားတိုင်း အိမ်တစ်လုံး၊ ကားတစ်စီးကို အပူအပန်မရှိ ဝယ်ယူနိုင်ဖို့ မြေလက်ဝါးကြီးအုပ်မှုတွေ စျေးကစားမှုတွေ မလိုအပ်ဘဲ အိမ်ဆယ်ရာချီဝယ်ထားတာတွေကို ထိန်းချုပ်ဖို့အတွက် ပြဌာန်းရမဲ့ တစ်ဆင့်ပြီးတစ်ဆင့်တိုးပြီး အခွန်ဆောင်ရမဲ့ ဥပဒေ (ချမ်းသာကြွယ်၀လို့ ပိုင်ဆိုင်မှုများလေလေ အခွန်ဆောင်ရလေ) ဥပဒေပါ။ ဒီဥပဒေနှစ်ရပ်ဟာ အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ကွာခြားပါတယ်။
၃။
ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေကို ချမ်းသာကြွယ်၀သူတွေ ခရိုနီတွေ မြေစျေးကစားသူတွေက မနှစ်ခြိုက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် နဂိုကတည်းက အခွန်ဆောင်တဲ့ယဉ်ကျေးမှုမရှိလို့ အခွန်ရှောင်နေကြတဲ့ နိုင်ငံ၊ အခွန်ဆောင်သူနည်းတဲ့ နိုင်ငံမှာ ခြံပေါင်းရာချီ၊ ကားပေါင်းရာချီ ပိုင်ဆိုင်ချုပ်ကိုင်ထားသူတွေက ဒီလို ဥပဒေတွေ ထွက်မလာအောင် နည်းအမျိုးမျိုးနဲ့ တားဆီးတာ၊ ကန့်ကွက်တာမျိုးတွေ လုပ်ကိုင်တတ်ကြပါတယ်။
NLD အစိုးရဟောင်းလက်ထက်မှာလည်း ဒီလိုမျိုး ချမ်းသာကြွယ်၀သူတွေကို တိုက်ရိုက်ထိခိုက်တဲ့ ဥပဒေတွေ၊ အာဏာရှိသူတွေကို ဖြုတ်ချနိုင်တဲ့ Right to Recall ဥပဒေလိုမျိုးတွေ ထွက်မလာခဲ့ဘဲ ဆွေးနွေးလက်စမှာ အစပျောက်သွားခဲ့တာတွေက သက်သေတွေပါ။
ဒီလိုမျိုး ပိုင်ဆိုင်မှုများလေလေ အခွန်ကောက်မဲ့ အခွန်ဥပဒေဆိုတာနဲ့ ခရိုနီတွေ ချမ်းသာကြွယ်၀သူတွေက သူတို့ အကျိုးစီးပွားကို ထိပါးမှာ စိုးရိမ်လို့ ဥပဒေ အတည်မပြုနိုင်အောင် ကန့်ကွက်တားဆီးတာမျိုးကို ဘက်ပေါင်းစုံက ဖိအားပေးနိုင်တာကြောင့် မြန်မာ့ဒီမိုကရေစီခရီးလမ်းတစ်လျှောက်မှာ နိုင်ငံ့အတွက် လိုအပ်တဲ့ ဥပဒေတွေက
ပေါ်ပေါက်လာခဲ့မှု မရှိပါဘူး။
ဒီနေရာမှာ လက်ရှိအခြေအနေကတော့ ဥပဒေပြုနိုင်ခွင့်အာဏာအပါအဝင် အာဏာသုံးရပ်စလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာ ရှိနေတာပါ။ အခြားသောအချက်အနေနဲ့လည်း ၂၀၂၂ ဇူလိုင်လောက်ကစပြီး အထိန်းအကွပ်မဲ့တဲ့မြေစျေးဟာ ငါးဆမက တက်လာတဲ့အခြေအနေဖြစ်လာနေလို့ ပြည်သူကြားမှာ ဝယ်ယူသုံးစွဲနိုင်စွမ်းကလည်း ကျဆင်းနေပါပြီ။ ဒီအခြေအနေမျိုးမှာ ကျပ် ၂၀၀၀၀ တန်ငွေစက္ကူကလည်း ထုတ်ဝေဦးမဲ့ဂယက်ရိုက်လာပြီမို့လို့ အိမ်ခြံမြေကားစျေး လက်ရှိထက် ပိုဖောင်းပွမသွားအောင်၊ လူထုကြားမှာ အကြောက်တရားနဲ့ ဂယက်ရိုက်မကုန်အောင်၊ ငွေဖောင်းပွမှုအဆမတန်ဆိုးရွားမသွားအောင်၊ မြေစျေးကစားသူတွေ ထိန်းချုပ်နိုင်ပြီး ရှိသင့်တဲ့စျေးတန်းတစ်ခုမှာ ထိန်းထားနိုင်အောင်လို့ ရွှေနဲ့ ဒေါ်လာလိုပဲ အိမ်ခြံမြေနဲ့ ကားကို ထိန်းဖို့အချိန် သင့်နေပါပြီလို့ အကြံပြုရင်း…..။