၂၂. ၇. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ စောင့်ဆိုင်းခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာတော့ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အနိုင်ဂိုးကို လှလှပပသွင်းယူပြခဲ့ပါတယ်။
မနေ့ညက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှာ ကစားခဲ့တဲ့ လိဂ်ဖလားအဖွင့်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက ခရုဇ် အာဇူလ်အသင်းကို မက်ဆီရဲ့အနိုင်ဂိုးနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မေဂျာလိဂ်ဘောလုံးကလပ်မှာ အင်တာမိုင်ယာမီအသင်းအတွက် အားတက်စရာ ပွဲဦးထွက်ဖြစ်စေခဲ့ပါတယ်။
မက်ဆီရဲ့ ပွဲဦးထွက်ပွဲစဉ်ကို ကြည့်ရှုဖို့ မိုင် ၇၀၀ လောက် အဝေးကနေ လာခဲ့ကြတဲ့ ပရိသတ်တွေနဲ့ရော တခြားသော ပရိသတ်တွေနဲ့ပါ ပြည့်နှက်နေခဲ့တဲ့ ဘောလုံးကွင်းကြီးထဲမှာ မက်ဆီဟာ ပွဲစဉ်ရဲ့ ဒုတိယပိုင်း ၅၄ မိနစ်မှသာ လူစားထိုး ဝင်ရောက်ကစားခဲ့ရတာပါ။
မိနစ်ကိုးဆယ် အချိန်ပိုမစခင်အထိ တစ်ဖက်တစ်ဂိုးစီနဲ့ ကစားပွဲ ပြီးသွားတော့မယ်လို့ အများက ခန့်မှန်းထားကြပေမဲ့ အချိန်ပိုကန်ပြီး ၄ မိနစ်အကြာမှာတော့ မက်ဆီက အလွတ်တည်ကန်ဘောနဲ့အတူ လှလှပပ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အနိုင်ဂိုးသွင်းယူပြီးနောက်မှာ မက်ဆီက ကွင်းညာဘက်ထောင့်က မိသားစုဝင်တွေဆီသွားကာ ပြေးဖက်အောင်ပွဲခံခဲ့ပြီး ဝမ်းသာစရာအခိုက်အတန့်ကို မျှဝေခဲ့သလို ပွဲပြီးချိန်မှာလည်း မက်ဆီက လာရောက်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
မက်ဆီကစားတဲ့ပွဲကို ပရိသတ်များစွာအပြင် အင်တာမီယာမီရဲ့ တွဲဖက်ပိုင်ရှင် ဒေးဗစ်ဘက်ခမ်း ၊ NBA ချန်ပီယံလေးကြိမ်ရရှိထားတဲ့ LeBron James၊ တင်းနစ်အကျော်အမော် Serena Williams နဲ့ Kim Kardashian တို့ကလည်း ပွဲကြည့်စင်မှာ လာရောက်အားပေးခဲ့ကြပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့်အင်္ဂါနေ့မှာ အတ္တလန်တာယူနိုက်တက်အသင်းနဲ့ လိဂ်ဖလားအုပ်စုအဆင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။
Ref; Reuters