၂၁. ၇. ၂၀၂၃
Written by Nay Moe
ရန်ကုန်မြို့မှာ ဇူလိုင် ၂၀ ရက် ညဦးပိုင်းနဲ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂ ဦး သ-တ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ပထမဖြစ်စဉ်က ဇူလိုင် ၂၀ ရက် ည ၇ နာရီခွဲခန့်အချိန် မြောက်ဒဂုံမြို့နယ် (၃၈) ရပ်ကွက်မှာ ဘေးတွဲဆိုင်ကယ်မောင်းသူ ကိုကျော်ဆန်းဝင်းဟာ ဘေးတွဲဆိုင်ကယ်နဲ့ အပြင်က နေအိမ်ကိုပြန်လာချိန် ရာဇဓိရာဇ်လမ်းနဲ့ ခရေလမ်းထိပ်အရောက် နောက်က လိုက်ပါလာတဲ့ ဆိုင်ကယ်(၁)စီးနဲ့ လူ(၂)ဦး (စိစစ်ဆဲ)က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုကျော်ဆန်းဝင်းဟာ ဝဲနားထင် ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပြီး သူ့ကို သ-တ်ဖြတ်သူတွေဟာ ကိုကျော်ဆန်းဝင်းက ဒလန်၊ ပျုစောထီးလို့ နာမည်ထွက်နေလို့ သ-တ်ဖြတ်ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိုကျော်ဆန်းဝင်းဟာ အသက် ၄၅ နှစ်အရွယ်ရှိသူဖြစ်ပြီး အခင်းဖြစ်နေရာက 9MM NRC LUGER ကျည်ခွံ ၁ ခု တွေ့ရှိခဲ့သလို သေဆုံးသူကို ကုတင် (၁၀၀၀) ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီး ပစ်ခတ်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)တို့ကို မြောက်ဒဂုံရဲစခန်းက (ပ)၃၅၉/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။
ဒုတိယဖြစ်စဉ်က ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၈ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အရှေ့ဒဂုံ (၁၂၅) ရပ်ကွက်က ရာအိမ်မှူး ဦးကျော်လွင်ဟာ (၁၁၈)ရပ်ကွက် သံချက်ဝန်ဦးမြူလမ်းမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်က အိမ်အပြန် ဆိုင်ကယ်နဲ့ အထွက်မှာ နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်တာကြောင့် ဦးခေါင်းနဲ့ဝမ်းဗိုက်ကို ကျည်ထိပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
“မနက်က ၁၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စက်မှုဇုန်ထဲမှာ ပစ်သ-တ်သွားလို့ဆိုပြီး ကျော်ကြားထိပ်မှတ်တိုင်(၁၂၅ ရပ်ကွက်ရှေ့မှတ်တိုင်) မှာ စစ်သားတွေရော၊ ရဲတွေပါ အများကြီးလာစစ်ဆေးပြီး ဆိုင်ကယ်တွေလည်း တားစစ်နေတာ တွေ့ရတယ်” လို့ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်နဲ့ NUG နဲ့ PDF တွေက နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေး၊ ကလေးသူငယ်နဲ့ သံဃာတွေ သီလရှင်တွေကို သ-တ်ဖြတ်ထားတာ ၆၀၉၁ ဦး ရှိနေပြီလို့လည်း ဇူလိုင် ၆ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှုမှာ ဖော်ပြထားပြီး လက်ရှိသ-တ်ဖြတ်မှုနှစ်ခုကိုတော့ NUG ရဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ရော UG အဖွဲ့တွေရောက ဘယ်သူ့လက်ချက်ဖြစ်တယ်လို့ မထုတ်ပြန်ပေမဲ့ NUG ၊ PDF ထောက်ခံသူတွေကတော့ ဒလန်တွေ ပျုစောထီးတွေ ရှင်းလင်းလိုက်ပြီဆိုပြီး ပျော်ရွှင်နေတာ တွေ့ရှိနေရပါတယ်။