၂၁. ၇. ၂၀၂၃
Written by Ye Kyaw
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့သော အာဏာထိန်းသိမ်းမှုဖြစ်စဥ် နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်၍ အများပြောနေကြသကဲ့သို့ မဟုတ်ဘဲ တပ်မတော်က ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါစကားကို ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ထားသည့် အခြေအနေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒါကို သတိထားမိအောင် ပြောခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက တချို့သော မီဒီယာတွေ၊ တချို့သောနိုင်ငံတွေအနေနဲ့ တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေး အလှည့်အပြောင်းပေါ့နော်။ တပ်မတော်ကနေ ကြိုတင် စီစဉ်ခဲ့တာ။ တပ်မတော်ကနေ အများကြီး ပလန်ချပြီး လုပ်တယ်လို့ ပြောတယ်။ အမှန်တော့ ကျွန်တော်တို့က ဒီအလုပ် (မာရဝိဇယ ဆင်းတုတော် တည်ထားရန်) နဲ့ပဲ ရှုပ်နေတာ။ ၂၅ ရက်မှာ ကျွန်တော်တို့ သယ်ခဲ့တာ။ ဘယ်လောက် ပမာဏအထိ သယ်ရတယ်။ ဘယ်လောက်ပမာဏအထိ လုပ်ရတယ်ဆိုတာကို ပုံတွေလည်း မြင်ပြီး ဖြစ်ပါတယ်။ အားလုံးသည် ဒီအလုပ်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေး အပြောင်းအလဲကို ကြိုတင်ပြင်ဆင်ထားတာ မရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မတိုင်မီကတည်းက ကမ္ဘာပေါ်ရှိ ထိုင်တော်မူဆင်းတုတော်များအနက် အကြီးဆုံးရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ မထုလုပ်မီ တန်ချိန် ၈၀၀၀ ကျော် ကျောက်လုံးတော်ကြီး သယ်ဆောင်ရေး၊ နေပြည်တော်အရောက်လမ်းများ ဖောက်လုပ်ရေး၊ ဘုရားကြီး တည်ထားကိုးကွယ်ရေးကို အလေးထား ဆောင်ရွက်နေခြင်းခြင်းအား သတိပြုမိစေလိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားသည်။
ပုံစာ။ ယခုကျင်းပနေသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း