အမေရိကန်က အစ္စရေးရဲ့ အနီးကပ်ဆုံးမဟာမိတ်မဟုတ်တော့ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း ပြော
MT News
အစ္စရေးဝန်ကြီးချုပ်ဟောင်း ရာလာပစ်က အစ္စရေးနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ သူဝန်ကြီးချုပ်ဖြစ်အပြီး ဆက်လက်ဆက်ခံတဲ့ နေတန်ရာဟု လက်ထက်မှာ အတော့်ကို ဆိုးရွားပျက်ပြားနေပြီး အမေရိကန်က အစ္စရေးရဲ့ အနီးကပ်ဆုံးမဟာမိတ်မဟုတ်တော့ဘူးလို့ ဇူလိုင် ၁၇ ရက်မှာ သတိပေးခဲ့ပါတယ်။
လာပစ်က သူ့ရဲ့ အတိုက်အခံပါတဲ့ဖြစ်တဲ့ Yesh Atid ပါတီရဲ့ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောခဲ့တာလို့လည်း Times of Israel သတင်းစာက ဖော်ပြခဲ့ပါတယ်။ လာပစ် က နေတန်ရာဟု အစိုးရဟာ အငြင်းပွားဖွယ် တရားရေးပြုပြင်ပြောင်းလဲမှုတွေကို အတည်ပြုနိုင်ဖို့ကြိုးစားမှုနဲ့အစ္စရေး- အမေရိကန်နိုင်ငံ အကြား မဟာမိတ်အဖြစ်တည်ရှိမှုကို ပျက်စီးအောင် လုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးအစိုးရက နိုင်ငံကို အကျပ်အတည်းအခြေအနေ ရောက်ရှိအောင်ဖန်တီးနေပြီး သမိုင်းကြောင်းမှာ အစိုးရအတွက်အကြီးမားဆုံးနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်အောင် လုပ်နေတာကြောင့် တစ်ခုတည်းသော အကျိုးဆက်တွေတင်မက စီးပွားရေး၊လုံခြုံရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံမှာ အကျိုးဆက်တွေကိုတွေ့နေရတယ်လို့ ဝန်ကြီးချုပ်ဟောင်း လာပစ်က ဆက်ပြောခဲ့ပြန်ပါတယ်။
များမကြာလှသေးသောကာလကပဲ အစ္စရေးတို့သိမ်းယူထားတဲ့ အနောက်ဘက်ကမ်းဒေသအတွင်း ဂျူးလူမျိုးတို့နေထိုင်ဖို့ လူနေအခြေစိုက်စခန်းတွေ တည်ဆောက်မှုအတွက် အစ္စရေးအစိုးရက အသိအမှတ်ပြုခဲ့တာကို ဘိုင်ဒန် အစိုးရက ဝေဖန်မှုပြုခဲ့ပါတယ်။ ဇူလိုင်လဆန်းပိုင်းကလည်း ဘိုင်ဒန်အစိုးရက အစ္စရေးအစိုးရကို ပါလက်စတိုင်းပဋိပက္ခ အရေးမှာ တစ်ဖက်စွန်းရောက်လွန်းပြီး ပြဿနာရဲ့ အစိတ်အပိုင်းအဖြစ် ပြစ်တင်ပြောကြားခဲ့ပြန်ပါတယ်။
ဒါပေမယ့် ဇူလိုင်လ ၁၇ ရက်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ၂၀၂၃ ခုနှစ်ရဲ့နောက်ပိုင်းမှာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ သူရဲ့ ကြာမြင့်စွာ နှောင့်နှေး နေခဲ့တဲ့ ဖိတ်ကြားချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ လာပစ် ဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရက ၂၀၂၁ ဇွန်လမှာ အာဏာရလာပြီးနောက်မှာ နိုင်ငံကိုဝန်ကြီးချုပ်အဖြစ် ၁၂ နှစ်ကြာ အုပ်ချုပ်လာတဲ့ နေတန်ရာဟုဟာ အာဏာကိုလက်လွှတ်ခဲ့ရပါ တယ်။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပတဲ့အခါမှာတော့ နေတန်ရာဟု ပါတီက အနိုင်ရပြီး သူကဝန်ကြီးချုပ်တဖန်ပြန်ဖြစ်လာတာဖြစ်ပါတယ်။
Ref- rt.com