၁၉. ၇. ၂၀၂၃
Written by Ye Kyaw
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များ လိုင်စင်သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး တစ်လထက် နောက်မကျစေဘဲ သက်တမ်းတိုးရန်နှင့် သက်တမ်းတိုး ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းလိုင်စင်ပယ်ဖျက်ခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြေညာထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင် ရရှိသူသည် လုပ်ငန်းများဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်အသစ်ထပ်မံလျှောက်ထားပေးရန် လိုင်စင်သက်တမ်းမကုန်ဆုံးမီ သုံးလကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ လျှောက်ထားရမည်ဖြစ်သည်။
လိုင်စင်သက်တမ်း တစ်လထက်နောက်မကျစေဘဲ သက်တမ်းတိုးဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်သက်တမ်းမကုန်မီ လုပ်ငန်းရပ်စဲလိုလျှင် ယင်းလုပ်ငန်းမရပ်စဲမီ တစ်လကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့ကြောင်း အကြောင်းကြားရမည်ဖြစ်သည်။
“အရင်ဆုံး အခွန်ဆောင်ရမယ်။ ဒဏ်ကြေးရော။ ၂၀၂၁ ခုနှစ်ထဲက ကုန်တဲ့ဟာကို Blacklist ဖြစ်သွားပြီ။ လိုင်စင်ယူထားရင်တော့ လိုင်စင်ရဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာပါ” ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးခဲ့သည့် လိုင်စင်များအနေဖြင့် သက်တမ်းတိုး ဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဆက်သွယ်ရန် ကြေညာချက်တွင် ဖော်ပြထားသည်။
လိုင်စင်များသက်တမ်းတိုးမြှင့်ခြင်းအတွက် လျှောက်လွှာတင်သွင်းခြင်းများကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)နေပြည်တော်၊ ရန်ကုန်ပြတိုက်ဌာန၊ မန္တလေးစခန်းရုံး၊ မိုးကုတ်တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော်ရေးဌာန၊ လုံးခင်း/ဖားကန့်တူးဖော်ရေးဌာနနှင့် မြစ်ကြီးနားစခန်းရုံးတို့နှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
သက်တမ်းကျော်လွန်သည့် လိုင်စင်များအနေဖြင့် အထက်ဖော်ပြပါ သက်ဆိုင်ရာရုံးခွဲများတွင် သက်တမ်းလွန်ကြေး ပေးသွင်းပြီးမှသာ လျှောက်ထားနိုင်မည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးသည့်ကာလ (၁)နှစ်ရှိသည့် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်အတွက် ဒဏ်ကြေးငွေ (၅၀,၀၀၀)ကျပ်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တု ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်အတွက် ဒဏ်ကြေးငွေ (၃၀,၀၀၀)ကျပ်၊ ကျောက်မျက်ရတနာ အရိုင်း၊ အချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်းအတွက် ဒဏ်ကြေးငွေ (၃၀,၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပုံစာ – ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့ရှိ Time City ၌ ပြုလုပ်သည့် ကျောက်မျက်ရတနာ အရောင်းပြပွဲကို တွေ့ရစဥ်