၁၉. ၇. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စုက Pentagon ရုံးအဆောက်အအုံဟာ နှစ်ပေါင်း ၈၀ တိုင်တိုင် ကမ္ဘာ့အကြီးဆုံး ရုံးအဆောက်အအုံဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ စိန်ရောင်းဝယ်ရေးစင်တာ ဖြစ်လာမယ့် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ ဆူရတ်မြို့မှာရှိတဲ့ အဆောက်အအုံသစ်ကြီးက အဲ့ဒီရာထူးကို ရယူလိုက်ပြီပဲ ဖြစ်ပါတယ်။
ဆူရတ်မြို့ဟာ ကမ္ဘာ့စိန်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ဖြတ်တောက်ပြီးသွေးတဲ့ ကမ္ဘာ့ကျောက်မျက်မြို့တော်အဖြစ် လူသိများပြီး အခု အသစ်တည်ဆောက်ထားတဲ့ Surat Diamond Bourse လို့အမည်ရတဲ့ အဆောက်အအုံဟာ ဖြတ်စက်တွေ၊ အရောင်သွေးတဲ့စက်တွေနဲ့ ကုန်သည်တွေ အပါအဝင် စိန်ပညာရှင် ၆၅,၀၀၀ ကျော်အတွက် စိန်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တစ်နေရာတည်းမှာ ပြီးပြည့်စုံနိုင်မယ့် နေရာတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
၁၅ ထပ်အမြင့်ရှိတဲ့ အဲ့ဒီအဆောက်အအုံကို မြေ ၃၅ ဧကပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ကြီးမားလှတဲ့ အဲ့ဒီအဆောက်အအုံရဲ့ကြမ်းပြင်ဧရိယာဟာ စတုရန်းပေ ၇ ဒသမ ၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီအဆောက်အဦကို အခုနှစ် နိုဝင်ဘာလမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တရားဝင် ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ပြီးစီးဖို့ လေးနှစ်လောက် အချိန်ယူခဲ့ရတာပါ။
နိုင်ငံတကာ ဒီဇိုင်းပြိုင်ဆိုင်မှုတွေအပြီးမှာ အိန္ဒိယဗိသုကာပညာကုမ္ပဏီ Morphogenesis က အဆောက်အအုံအတွက် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး ဒီအဆောက်အအုံသစ်ဟာ အလုပ်လုပ်ဖို့ မွမ်ဘိုင်းမြို့အထိ နေ့စဉ် သွားနေရတဲ့ လူထောင်ပေါင်းများစွာအတွက် အဆင်ပြေစေနိုင်မှာပါလို့ ပရောဂျက်ရဲ့ စီအီးအိုက ပြောခဲ့ပါတယ်။
အဲ့ဒီရုံးအဆောက်အအုံသစ်ကြီးထဲမှာ ဓာတ်လှေကား ၁၃၁ စင်းအပြင် အလုပ်သမားတွေအတွက် ထမင်းစားခန်း၊ ကျန်းမာရေးစောင့်ရှောက်ခန်းတွေ၊ အပန်းဖြေဇုန်တွေ၊ ကားရပ်နားဖို့နေရာတွေနဲ့ ရုံးခန်းပေါင်းများစွာ ပါဝင်ပြီး အဆောက်အအုံမဆောက်လုပ်မီကတည်းက ရုံးခန်းတွေအားလုံးကို စိန်ကုမ္ပဏီတွေက ဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။
Ref; CNN