၁၉. ၇. ၂၀၂၃
Written by Nyein Kyaw
ည ၁၂ နာရီအထိ မူးပြီးရန်ဖြစ်နေသည့် အသက် ၂၀ အရွယ်အမျိုးသားတစ်ဦး နံနက်တွင် ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိမှု အုတ်တွင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၉ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ကြက်သွန်ခင်း(၁) ပဒုမ္မာလမ်းနေ ကိုကျော်ကျော်မင်း အသက် ၂၀ နှစ်မှာ ကြိုးဆွဲချကွယ်လွန်နေသည်ကို မိသားစုများက တွေ့ရှိရသဖြင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းသို့ ဆက်သွယ်လာသဖြင့် သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်မိုးလင်းမှ သူက အောက်ကယက်မမှာ ကြိုးဆွဲချသေနေတာကို သိရတာပေါ့နော်။ ညကတော့ ၁၂ နာရီလောက်အထိ ပတ်ဝန်းကျင်ပြောစကားပေါ့နော်။ သူကမူးပြီး စကားတွေများ ရန်ဖြစ်ကြတယ်လို့တော့ သိရတယ်။ ကလေးကငယ်သေးတယ်။ ဒါပေမဲ့ သောက်စားတယ်။ မိသားစုက မိုးလင်းအောက်ဆင်းတော့မှ သူက အောက်က ယက်မမှာဖြစ်ထားတာ။ အိမ်ကတော့ နှစ်ထပ်အိမ်သဘောမျိုး အောက်မှာတော့ ဘာမှ မရှိဘူး။ မနက် ၅ နာရီခွဲမှာ ဖုန်းဝင်တော့ Body သွားသယ်။ အခုတော့ ရင်ခွဲရုံပို့ပြီးတော့ အိမ်ပြန်ပို့။ အခေါင်းဆင်တာတွေ အားလုံးလုပ်ပြီးပြီ” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။