MT News
Written by Pan Ei
မကြာသေးမီက ဗီယက်နမ်က အမျိုးသားတစ်ဦးဟာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်နေတုန်း ကြောင်စာကို အဆာပြေစာလို့ထင်ပြီး အမြည်းအဖြစ် ချကျွေးနေခဲ့တဲ့ အဖြစ်ဟာ အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့ရာမှာ အွန်လိုင်းအသုံးပြုသူတွေကို ရယ်မောစေခဲ့သလို သူတို့ကလည်း ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါ ပြန်လည်ဝေမျှခဲ့ကြကာ လူပြောများခဲ့ပါတယ်။
အဲ့ဒီအမျိုးသားဟာ သူ့သူငယ်ချင်းတွေကို အိမ်မှာ ပေါ့ပေါ့ပါးပါး သောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် အိမ်ရှင်ကောင်းတစ်ယောက် ဖြစ်ချင်တာနဲ့အညီ ဘီယာနဲ့တွဲသောက်ဖို့ အမြည်းကိုရှာဖွေခဲ့ရာမှာ ပုဇွန်နဲ့ ငါးရနံ့တွေနဲ့ ပြည့်နှက်နေတဲ့ အထုပ်တစ်ထုပ်ကိုတွေ့ရှိပြီး အမြည်းလုပ်ဖို့ ပြင်ဆင်ခဲ့တာပါ။
ကြောင်စာကို အဆာပြေစာလို့ ထင်နေခဲ့တဲ့ အဲ့ဒီအမျိုးသားဟာ ကြောင်စာကို ဆော့အနည်းငယ်ထည့်ပြီး အရသာပိုကောင်းအောင် သံပုရာသီးပါ ညှစ်ထည့်လိုက်ပါသေးတယ်။ အဲ့တာကို သူ့ရဲ့ သမီးဖြစ်သူက သိခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူရဲ့ တလွဲဖြစ်ပုံကို အင်တာနက်ပေါ် မျှဝေခဲ့တာဖြစ်ပြီး အွန်လိုင်းအသုံးပြုသူတွေကြားမှာ အာရုံစိုက်မှုကို ချက်ချင်းဆိုသလိုပဲရရှိခဲ့ကာ ရယ်မောစေခဲ့ပါတယ်။
သူတို့ရဲ့ အလားတူဖြစ်ရပ်တွေကို မှတ်ချက်ပေးခဲ့ကြသူတွေလည်းရှိပြီး တစ်ဦးက “မင်းအဖေတင်မကဘူး။ ငါ့ယောက်ျားလည်း အဆာပြေဝယ်ဖို့ဆိုပြီး စူပါမားကတ်ကို သွားတာ။ ပြန်လာတော့ ကြောင်စာနဲ့ ပြန်လာခဲ့တယ်။” လို့ မှတ်ချက်ပေးခဲ့သလို “ဘီယာနဲ့လိုက်မယ့်ပုံပဲ”၊ “အရသာလေး ပြန်ဝေမျှပါဦး” စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
Ref; Thaigers