၁၈. ၇. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိလူဦးရေအားလုံး၏ တစ်ဝက်နီးပါးသည် ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဥ်းအောက် ရောက်ရှိနေပြီး အစားအစာမလုံခြုံမှုများ ပိုမိုတိုးလာနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သောရက်ပိုင်းတွင် ဗြိတိန်-မြန်မာ မိတ်ဖက်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု UK–Myanmar Development Partnership အခြေအနေကို ထုတ်ပြန်ခဲ့ရာ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိလူဦးရေ အားလုံး၏ ၄၈ ဒသမ ၂ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်လိုင်းအောက်ရောက်ရှိနေကြာင်း၊ အဆိုပါ အရေအတွက်သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်ဖြင့် နှိုင်းယှဉ်လျှင် မြင့်တက်လျက်ရှိနေပြီး ၂၀၁၇ခုနှစ်က မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များ၏ ကာကွယ်ဆေးထိုးနှံနိုင်မှုနှုန်းပါကျဆင်းခဲ့ပြီး ဝက်သက်ရောဂါ၊ ပိုလီယိုရောဂါဖြစ်ပွားလာနိုင်မှုများအပေါ် ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ နေရပ်စွန့်ခွာနေရသူဦးရေအားလုံး၏ သုံးပုံတစ်ပုံက ကလေးငယ်များဖြစ်နေပြီး မြန်မာကလေးငယ်ငါးသန်းကျော် ကျောင်းမတက်ရဘဲရှိနေကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှု အခြေအနေများ ဆိုးလာခဲ့ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလအထိ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၈သန်း နီးပါးရှိနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံရသော နိုင်ငံများထဲတွင် ကမ္ဘာအဆင့် ၂ နေရာတွင်ရှိနေပြီး လက်နက်ကိုင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းနှင့် နေရပ်စွန့်ခွာမှုများကြောင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာသော အန္တရာယ်များကို ရင်ဆိုင်တွေ့ကြုံနေရကာ လိုက်လျောညီထွေဖြစ်အောင် ကာကွယ်နိုင်စွမ်းက အကန့်အသတ်နှင့်သာရှိနေကြောင်း သိရသည်။
ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တည်ငြိမ်မှုလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိအောင် အဖြေရှာရန်အတွက် ကူညီပေးရန်၊ ဆင်းရဲနွမ်းပါးမှုနှုန်းကို လျှော့ချပေးရန် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန်၊ ထိခိုက်လွယ်သူများကို ပဋိပက္ခ၏သက်ရောက်မှုဒဏ် လျော့ပါးသက်စေရေး ကူညီပေးရန် စိတ်ဝင်စားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။
မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုများက ဒေသအတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံဒေသအတွင်း စုစည်းညီညွှတ်မှုများအပေါ် အဟန့်အတားဖြစ်လျက်ရှိနေကြောင်း၊ ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရာဇဝတ်မှုဖြစ်ပွားမှုအရေအတွက်နှင့် ရာဇဝတ်ဂိုဏ်းအရေအတွက် တိုးလာနေကြောင်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်အစိုးရအနေဖြင့် နစကကို ကူညီထောက်ပံ့ပေးမှုအားလုံးရပ်တန့်လိုက်သော်လည်း လူသားချင်းဆိုင်ရာအကူညီပေးနိုင်ရန်အတွက် ပြည်တွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ကူညီထောက်ပံ့ပေးရန် စဉ်းစားလုပ်ကိုင်နေကြောင်း သိရသည်။