၁၇.၇.၂၀၂၃
Written by Peya
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့ရှောင်လမ်းတွင် Hijet ကားတစ်စီး တိမ်းမှောက်ကာ ချောက်ထဲကျသဖြင့် လူ ၆ ဦး ဒဏ်ရာရခဲ့ရာ အမျိုးသား ၂ ဦး စိုးရိမ်ရ အခြေအနေရှိကြောင်း လူနာများကို ကယ်ဆယ်ပေးခဲ့သူ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက် နေ့လည်ပိုင်းက မကွေးမြို့၊ မြို့ရှောင်လမ်း၊ ကုန်တင်ကားကြီးကွင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူနာများကို မကွေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။
“၁၂ နာရီ မိနစ် ၄၀ လောက်မှာ ကားတစ်စီးမှောက်တယ်ဆိုပြီး ဖုန်းသတင်းဝင်တော့ လူနာအရေအတွက် လေးငါးယောက်လောက် ရှိတယ်ဆိုတော့ အသင်းကနေ ကားသုံးစီးလွှတ်လိုက်တယ်။ မြေပြင်ပေါ်မှ ာမှောက်တယ်ထင်တာ။ ဟိုမှာက မှောက်ပြီးတော့မှ ချောက်ထဲကို ကျနေတာပါ။ ခေါင်းကိုထိထားတဲ့ သတိလစ်လူနာက ၂ ယောက်ပါတယ်။ ကျန်တာကတော့ ပွန်းပဲ့ပေါက်ပြဲ ဒီလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
စိုးရိမ်ရသူ ၂ ဦးမှာ သက်လတ်ပိုင်းအရွယ်နှင့် သက်ကြီးပိုင်းအရွယ် အမျိုးသား ၂ ဦး ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
“ချောက်ကတော့ အနက်က အရမ်းနက်တာမဟုတ်ဘူး။ ဝါးတစ်ပြန်လောက် ရှိမယ်ထင်တယ်။ မတ်စောက်စောက်မဟုတ်ဘူး။ ပြေပြေလေးနဲ့ ချောက်ပုံစံ ဖြစ်နေတာပါ” ဟု ၎င်းက ဆိုသည်။