၁၇.၇.၂၀၂၃
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ၎င်းတို့၏ လေတပ်၊ ရေတပ်နှင့် ကြည်းတပ်များ ပူးပေါင်းပါဝင်သော စစ်ရေးလေ့ကျင့်မှုများကို ဇူလိုင်လမှ စက်တင်ဘာလအထိ ပြုလုပ်လျက်ရှိကြကြောင်း ထိုင်းစစ်ဖက်အရင်းအမြစ်တစ်ခုမှ သိရသည်။
Falcon Strike 2023 ဟုခေါ်သော နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၉ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုထိန်းသိမ်းနိုင်ရန် တရုတ်နှင့် ထိုင်း လေတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်၍ စစ်ရေးလေ့ကျင့်မှု၏ ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ယူဒုံသာနီပြည်နယ်ရှိ လေတပ်စခန်းတွင် ပြုလုပ်ခဲ့သည်။
Falcon Strike စစ်ရေးလေ့ကျင့်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ကာ ကိုဗစ်-၁၉ မဖြစ်ပွားမီ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဆက်လက်ပြုလုပ်ခဲ့သည်။ Falcon Strike စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ တိုက်လေယာဉ်များ ပါဝင်ခဲ့ကြသည်။ သို့ရာတွင် ထိုင်းနှင့်အမေရိကန်ပြည်ထောင်စုတို့အကြား သဘောတူညီချက်အရ ထိုင်းလေတပ်က အမေရိကန်မှရရှိထားသော အက်ဖ်-၁၆ နှင့် အက်ဖ်-၅ လေယာဉ်များမှာမူ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်ခွင့်မပြုကြောင်း သိရသည်။
ဩဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ နှစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့များမှ အထူးစစ်ဆင်ရေးတပ်ဖွဲ့များကလည်း ထိုင်းနိုင်ငံ လော့ပ်ဘူရီပြည်နယ်အတွင်း Joint Stake 2023 ကို ဆက်လက်ပြုလုပ်ကြမည်ဖြစ်သည်။
နှစ်နိုင်ငံရေတပ်များ၏ Blue Strike ခေါ် စစ်ရေးလေ့ကျင့်မှုကိုမူ ထိုင်းနိုင်ငံအရှေ့ပိုင်း ချောင်ဘူရီ ရာယွန်ပြည်နယ်နှင့် ချန်သာဘူရီပြည်နယ်တို့တွင် စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။ ထိုစစ်ရေးလေ့ကျင့်မှုကို နှစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီး နှစ်နိုင်ငံ အိမ်ရှင်အဖြစ် အလှည့်ကျတာဝန်ယူကြသည်။
ဩဂုတ်လ ၃၁ ရက်တွင် တရုတ်စစ်သင်္ဘောများနှင့် ကုန်းရေနှစ်သွယ်သွား ကမ်းတက်ရေယာဉ်များက ချောင်ဘူရီပြည်နယ်၊ ဆတ်တာရှစ်မြို့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရောက်လာကြမည် ဖြစ်သည်။ ထိုင်းရေတပ်သတင်းအရင်းအမြစ်တစ်ခုအရ တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်အမေရိကန်ကြားတင်းမာမှုများကြောင့် ယခုနှစ် ရေတပ်စစ်ရေးလေ့ကျင့်မှုကိုတိတ်တဆိတ်ကျင်းပသွားမည်ဟု ဆိုသည်။
Ref—- Bangkok Post