MT News
Written by Hey Mar
အောင်ပန်း- တောင်ကြီးသွားလမ်းဘေးမှာ စက်ချို့ယွင်းလို့ရပ်ထားတဲ့ တွဲကားကို ဇူလိုင် ၁၅ ရက်ည ၁၀ နာရီခန့်မှာ ဆိုင်ကယ်တစ်စီး အရှိန်လွန်ဝင်တိုက်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းသူ သေဆုံးသွားတယ်လို့ ရုပ်အလောင်းသွားရောက်ကူညီသယ်ဆောင်ပေးတဲ့ အောင်ပန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌက MT News ကို ပြောပါတယ်။
ဖြစ်စဥ်က အောင်ပန်း-တောင်ကြီးသွားလမ်း၊ ပစ္စုပ္ပန်ကျောင်းရှေ့အကျော်၊ ကုန်းတက်မှာ စက်ပျက်လို့ရပ်ထားတဲ့ တွဲကားကို ကလောဘက်ဆီပြန်လာတဲ့ ဆိုင်ကယ်က ကားရဲ့ အနောက်ဘေးအစွန်းကို ဝင်တိုက်မိတာလို့ သိရပါတယ်။
“တွဲကားက သစ်ခက်တွေနဲ့ ကာထားပြီး အချက်ပြမီးလည်းဖွင့်ထားတယ်။ ဆိုင်ကယ်သမားကလည်း နည်းနည်းထွေနေပုံရတယ်။ နောက်ပြီး ကုန်းအတက်ဆိုတော့ အရှိန်လည်း ပါပုံရတယ်။ တိုက်တဲ့အရှိန်နဲ့ ခေါင်းပါကြေသွားတာ။ မိသားစုလည်း အဆက်အသွယ်ရပြီ။ သူက ကလောကပဲ။ အိမ်အပြန်လမ်းမှာ အခုလို မတော်တဆ ဖြစ်တာ”လို့ အောင်ပန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေ ညွှန်ကြားအကူအညီတောင်းခံမှုအရ သေဆုံးရုပ်အလောင်းကို အောင်ပန်းဆေးရုံရင်ခွဲရုံဆီ အဆိုပါ နာရေးကူညီမှု အသင်းက နိဗ္ဗာန်ယာဥ်နဲ့ပဲ ပို့ဆောင်ပေးခဲ့ပြီး ဒီနေ့မှာပဲ အသင်းရဲ့အကူအညီနဲ့ မိသားစုဝင်တွေက နာရေးပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။