MT News
Written by Naing Thuta
မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှူးနေအိမ်ကို လူငယ်တစ်ဦးက ကော်သေနတ်အတုဖြင့်အနုကြမ်းဝင်စီးစဉ် ဌာနမှူးအား ရဲဒင်းဖြင့်ခုတ်ပြီး လည်ပင်း၌ဆွဲထားသည့် ပလက်တီနမ်ဆွဲကြိုး(လော့ကတ်သီးပါ)ကို လုယူထွက်ပြေးသွားမှု ယမန်နေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင် ၁၅ ရက်)နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃ (A)လမ်း၊၂၇ လမ်းနှင့် ၂၈လမ်း ကြား၌ရှိသော နေအိမ်တစ်အိမ်တွင်နေထိုင်သည့် အသက် ၅၉ နှစ်အရွယ်ရှိ မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှ ပါမောက္ခဌာနမှူး ဆရာဝန်မကြီးသည် ဈေးသွားရန် နေအိမ်ခြံတံခါးကို သော့ဖွင့်ထားခဲ့ပြီး မီးဖိုခန်းတွင်းမှ ဈေးခြင်းတောင်း ဝင်ရောက်ယူဆောင်နေစဉ် အမည်မသိ လူငယ်တစ်ဦး နေအိမ်အတွင်းဝင်ရောက်လာခဲ့ပြီး ကော်သေနတ်အတုဖြင့် ချိန်ရွယ်၍ ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသော ပလက်တီနမ်ဆွဲကြိုး (လော့ကတ်သီးပါ )အား ဖြုတ်ခိုင်းခဲ့စဉ် ဆရာဝန်မကြီးမှ ပြန်ခုခံခဲ့သဖြင့် အရိုးအသွား ၁၂ လက်မခန့်ရှိ ရဲဒင်းဖြင့် ဦးခေါင်းကိုခုတ်ပြီး ဆွဲကြိုးအားလုယက်ယူဆောင်သွားကာ ၎င်းသည် နေအိမ်အနောက်ဘက် ခြံစည်းရိုးကိုကျော်တက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါရဲဒင်းဖြင့် အခုတ်ခံရမှုကြောင့် ပါမောက္ခဆရာဝန်မကြီးတွင် ဦးခေါင်းဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါမောက္ခဆရာဝန်မကြီး၏သားဖြစ်သူမှ အမှတ်(၃)နယ်မြေရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းမှ (ပ)၂၅၀/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ပြီး အမှုအားဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပါမောက္ခဆရာဝန်မကြီး၏သားဖြစ်သူမှ MT News သတင်းဌာနသို့ ပြောသည်။