၁၅. ၇. ၂၀၂၃
Written by Nyein Kyaw
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘာတူစာချုပ်အရ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှအပ ကျန်အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်အခွန် သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ စတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဇူလိုင်လ ၁၄ ရက်တွင် အသိပေးကြေညာထားသည်။
ထို့အတူ ယင်း၏ဆက်စပ် လုပ်ငန်းများဖြစ်သည့် စက်မှုထုတ်ကုန်များအတွက် စက်မှုထုတ်ကုန် မှတ်ပုံတင်လက်မှတ် (Certificate of Product Registration) နှင့် အတည်ပြု ပို့ကုန်တင်ပို့သူ (Approved) Exporter) မှတ်ပုံတင်လက်မှတ်တို့ကိုလည်း Online CO Application System (http://onlineco.myanmartradenet.com) ၌ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာထားသည်။
ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် (၆)နိုင်ငံဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် စသည့် ၁၆ နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှအပ ကျန် ၁၅ နိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအုပ်စုကြီးများတွင် တစ်ခုအပါအဝင်ဖြစ်လာရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။