၁၃. ၇. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မဟာဗန္ဓုလ တံတားအဆင်းမှာ ကွန်တိန်နာယာဥ်တစ်စီးက ဆုတောင်းစားအဘွားအိုတစ်ဦးကို တိုက်မိလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေါပုံအခြေစိုက်ပရဟိတအသင်းတစ်သင်းဖြစ်တဲ့ အရောင်အသွေးမဲ့မေတ္တာ ပရဟိတအသင်းကနေ သိရပါတယ် ။
ဖြစ်စဥ်က လမ်းပေါ်မှာတောင်းရမ်းနေတဲ့ အကြောမသန်စွမ်းတဲ့ အသက်ကြီးပိုင်းအမျိုးသမီးကြီးကို တံတားပေါ်ကနေဆင်းလာတဲ့ ကွန်တိန်နာက တိုက်ပြီးဖြတ်ကြိတ်သွားတာလို့ ဒေသခံ မျက်မြင်တွေရဲ့ပြောပြချက်ကို အဆိုပါပရဟိတအသင်းကတစ်ဆင့် MT News ကို ပြောပါတယ်။
အရောင်အသွေးမဲ့မေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူက “အဲဒီ့အဖွား အဲ့ဒီ့နားမှာ အမြဲတောင်းရမ်းနေတာကိုတော့ ကျွန်တော်တို့တွေလည်း ဒေါပုံသားတွေမို့ တွေ့နေတာပဲ။ သူက မျက်စိတစ်ဖက် တိမ်ဖြစ်ပြီးကွယ်နေတာ။ အကြောလည်း မသန်တော့ တုန်ချိချိနဲ့ လမ်းလျှောက်တာ ။ ဒဏ်ရာတွေက များတယ်။ ခြေထောက်ပေါင်ရိုးတွေ ကျိုးတာ။ တစ်ဖက်က ပြတ်လုလု။ တစ်ဖက်ကျ အရိုးက ဆီးခုံကို ထိုးခွဲထားသလို ဖြစ်နေတာ။ ဆေးရုံရောက်မှသေတာပါ။ မိသားစုသိမလားလို့ ကျွန်တော်တို့လည်းစုံစမ်းနေပါတယ်” လို့ ဆိုပါတယ်
တိုက်သွားတဲ့ ကွန်တိန်နာယာဥ်က ယာဥ်မောင်းကို ဒေါပုံမြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့က အချိန်နဲ့တစ်ပြေးညီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အရောင်အသွေးမဲ့မေတ္တာလူမှုကူညီရေးအသင်း