၁၃. ၇. ၂၀၂၃
Written by Hey Mar
အဒေါ်အရင်းဖြစ်သူက လိုက်လံတောင်းရမ်းခိုင်းတဲ့အတွက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကနေ လမ်းလျှောက်တောင်းရမ်းရင်း ပေးကမ်းကြတဲ့ငွေက လက်ထဲတစ်သောင်းမကျော်သေးလို့ အသက် ဆယ်နှစ်အရွယ် နှင်းနှင်းထွေးတစ်ယောက် အိမ်မပြန်ရဲသေးပါဘူး။
ဒီလိုနဲ့ပဲ ညကလည်း တဖြည်းဖြည်းမှောင်လာပြီ။ ဗိုက်ကလည်း ဆာနေပြီ။ လမ်းလျှောက်ရင်းငိုလိုက်၊ ကားရှင်းနေတဲ့ လမ်းပေါ်က မီးပွိုင့်တွေဆီမှာ တစ်စီးစ နှစ်စီးစ ရပ်တဲ့ ကားတွေဆီ ပြေးတောင်းလိုက်နဲ့ ဖြူဖြူသန့်သန့် သူ့အသွင်လေးက ဂရုဏာသက်စရာ ဖြစ်နေပါတယ်။
ဒါကိုသတိထားမိတဲ့ ကားတစ်စီးပေါ်က ဇနီးမောင်နှံနှစ်ဦးက သူ့အဖြစ်ကို လျစ်လျှူမရှုနိုင်ဘဲ သူ့အကြောင်းတွေကို မေးကြည့်တဲ့အခါမှာတော့ ဝမ်းနည်းနေတဲ့ ကလေးရဲ့ပြောစကားက သူတို့ဟာကလေးကို အိမ်ပြန်လိုက်ပို့တာက အဖြေမဟုတ်ဘူးလို့စဥ်းစားမိတဲ့အတွက် အနီးဆုံးဖြစ်တဲ့ ပရဟိတလူမှုကူညီရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ပုလဲအရန်မီးသတ်ဌာနကိုပဲ နှင်းနှင်းထွေးကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။
“ကလေးက ကျွန်တော်တို့ဆီရောက်လာတဲ့အချိန်က မနေ့က (ဇူလိုင်လ၁၂ ရက်နေ့ ) ည ၁၀ နာရီကျော်နေပြီ။ သူ့လက်ထဲမှာ ဘတ်စ်ကားတွေပေါ်မှာ လိုက်ကမ်းတတ်တဲ့ တောင်းရမ်းတဲ့ စာတွေရေးထားတဲ့ စာအိတ်လေးတွေပါလာတယ်။ ပိုက်ဆံ တစ်သောင်းနဲ့ ခုနစ်ရာပါတယ်။ လာပို့ပေးတဲ့ လင်မယားနှစ်ယောက်ဝယ်ပေးလိုက်တဲ့ အချိုရည်နဲ့မုန့်လေးတွေပါတယ်။ အင်္ကျီတွေကလည်း ရေစိုလိုက် ခြောက်လိုက်ဖြစ်ထားသလို စိုထိုင်းထိုင်းနဲ့။ ကလေးလာပို့တဲ့သူတွေကလည်း ညဘက်ကလေးတစ်ယောက်ထဲ မပြန်တတ်တော့ အန္တရာယ်များလို့ လာပို့ပေးသွားတာ”လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူ ကိုထင်လင်းအောင်က သူ နှင်းနှင်းထွေးကို စတွေ့ရတဲ့ အခြေအနေကို ပြောပြတယ် ။
တာဝန်ရှိတဲ့သူတွေ နှင်းနှင်းထွေးကို ကူညီနိုင်ဖို့ မေးမြန်းကြည့်တဲ့အခါ သူ့အကြောင်းတွေကို မျက်ရည်လည်ရွဲနဲ့ပြောပြရှာတဲ့ ကလေးရဲ့အဖြစ်ကြောင့် မီးသတ်သမားကြီးတွေပါ မျက်ရည်ကျရရှာပါတယ်။ ကလေးက အဖေဆုံးသွားပြီ။ အမေက နောက်အိမ်ထောင်နဲ့ ရွှေပြည်သာမှာနေတယ်။ နှင်းနှင်းထွေးကို ခေါ်မထားလိုဘူး။ အဲဒါကြောင့် သူ့အဖေရဲ့ အမတော်စပ်သူ သူ့ရဲ့ အဒေါ်ဖြစ်သူနဲ့ သူ့ကိုထားခဲ့တယ်။ အဒေါ်က ပလုံကောက်ရောင်းတယ်။ သားကြီး၊ သမီးကြီးတွေရှိပေမယ့် အိမ်ထောင်အသီးသီးနဲ့မို့ သူနဲ့ အတူမနေဘူး။ နှင်းနှင်းထွေးလေးတစ်ယောက်ကသာ သူ့ရဲ့ လက်တိုလက်တောင်း။ ကျောင်းကပြန်လာတိုင်း သူနဲ့အတူ ပလုံလိုက်ကောက်ရတယ်။ အဲ့ဒီမှာ ကလေးကိုသနားတဲ့ သူတွေက ပေးကမ်းသွားကြတဲ့အခါ တစ်ခါတလေ သူတို့ သုံးလေးရက်လောက်ရှာမှရတဲ့ ပိုက်ဆံ ပမာဏကို တစ်ရက် တစ်မနက်နဲ့ရလာတယ်။ အဲ့ဒီကနေစလို့ နှင်းနှင်းထွေး နေ့တိုင်းကျောင်းကပြန်လာတာနဲ့ ထွက်တောင်းပေးရပါတော့တယ်။ တစ်သောင်းမကျော်ရင် အဒေါ်ဖြစ်သူက ဆူတယ်။ ကျွေးရတာမတန်ဘူးပြောတယ်။ နှင်းနှင်းထွေးတစ်ယောက် ထမင်း နပ်မှန်အောင်မစားရတော့ဘူး။ နှင်းနှင်းထွေးက သူ့ကို မျက်နှာသာပေးပြီး ချိုချိုသာသာပြောမယ့် အဒေါ့်ဆီက အသံတွေကို ကြားချင်တဲ့အခါ ငွေတစ်သောင်းကျော်အောင်ရှာတယ်။ အခုလို နယ်ကျော်ရောက်လာပြီး မပြန်တတ်ဖြစ်ရတာလည်း ပိုက်ဆံထပ်ရလိမ့်နိုးနိုး လျှောက်သွားရင်းကနေ စာနာတတ်သူတွေကြောင့်သာ သူကိုယ်ကျိုးမနည်းရတာ။
ပုလဲရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က “ ကလေးကိုမေးကြည့်တော့ သူကျောင်းတော့နေရတယ်။ မှန်မှန်တော့မတက်ရဘူးလို့ပြောပြတယ်။ နေတဲ့ကျောင်း၊ အတန်းပိုင်ဆရာမနာမည်တွေ ပြောပြတယ်။ ကျွန်တော်တို့လည်း ညတွင်းချင်း ကလေးအားတက်အောင်ပေါ့။ သူ့ကိုဒီလိုမတောင်းရမ်းရအောင် လုပ်ပေးမယ်ဆိုပြီး ရှာပေးတော့ သူတို့အရင်နေခဲ့တဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကလည်းတွေ့ပြီး ချိတ်ဆက်လာတယ်။ ကလေးရဲ့ ကျောင်းက ဆရာ၊ ဆရာမတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေပါ ပါလာကြတယ်။ ညတွင်းချင်း သူ့အဒေါ်ဆိုသူကို သက်ဆိုင်ရာက အရေးယူတယ်” လို့ သူတို့ဆောင်ရွက်ခဲ့ပုံတွေကို ပြောပြပါတယ်။
ဒီနိုင်ငံမှာ ဒီလိုအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ နှင်းနှင်းထွေးတွေ အများကြီးရှိပါတယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့ပြီးတော့ကို လုပ်ကိုင်နေကြတယ်။ တစ်ဦးကိုစလို့ တစ်ဖွဲ့လုံးကို တိုက်ဖျက်အရေးယူနိုင်ဖို့ကလည်း အများပြည်သူတွေပါ ဝိုင်းဝန်းလို့ နှင်းနှင်းထွေးလေးကိုကူညီသလို လျစ်လျှူမရှုမှ ရနိုင်မှာပါ။
တောင်းရမ်းတဲ့ကလေးတွေ့ရင် ပိုက်ဆံပေးလိုက်တာက သူတို့ရဲ့ အခြေအနေကို ရေတိုဖြေရှင်းနည်း မှန်ရဲ့လား ဆိုတာလဲ လူမှု့ကွန်ရက်ပေါ်မှာရော လူအသိုင်းအဝိုင်းမှာပါ မကြာခဏအငြင်းပွားဖွယ်ရာ အဖြေမထုတ်နိုင်တဲ့ ပြဿနာပါပဲ။ ဘာလို့လဲဆိုတော့ တောင်းတာကို မပေးပြန်ရင်လည်း သတ်မှတ်ငွေမပြည့်ရင် ကလေးနာကျင်ရမယ်။ ပေးပြန်တော့လည်း စားရလွယ်အချောင်သမားတွေရဲ့ အသုံးချခံ ကလေးငယ်တွေဖြစ်ရပြန်ပါတယ်။
လက်ရှိမှာ နှင်းနှင်းထွေးကို ခေါ်ယူစောင့်ရှောက်ထားတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက “မနေ့က ညတွင်းချင်း နှင်းနှင်းထွေးလေးရဲ့ကိစ္စကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ညတွင်းချင်း ကျွန်မတရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကလေးသူငယ်တွေကို ဒီလိုမျိုးခိုင်းနေတာ သူတစ်ယောက်ထဲမှမဟုတ်ဘူး။ ရန်ကုန်တစ်တိုင်းလုံး၊ မြန်မာတစ်ပြည်လုံးမှာ ဒီလိုကိစ္စတွေရှိနေတယ်။ ဒါတွေကို ကျွန်မက မကြိုက်တဲ့အတွက် ဦးဆောင်ပြီးအမှုဖွင့်တာပါ။ ကလေးကတော့ လတ်တလောမှာတော့ ကျွန်မထိန်းသိမ်းထားတယ်။ ဒါပေမယ့် ကျွန်မထက် ကလေးအနာဂတ်ပိုကောင်းအောင် လုပ်ပေးနိုင်မယ်။ တကယ်လည်း သား၊ သမီးမရှိလို့ ကလေးမွေးစားချင်တဲ့သူဆို ဥပဒေနဲ့အညီ ပေးမယ်။ အဲ့ဒီလိုမဟုတ်ဘဲ ကလေးကို ခဏတာ ကရုဏာနဲ့ သနားပြီး ရေရှည်ကလေး ကရိကထ မခံနိုင်၊ ကလေးကို ခိုင်းစားချင်သူမျိုးဆိုရင်တော့လည်း မဖြစ်ပြန်ဘူး” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၂(က) အရ မိဘ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်တောင်းရမ်းနေသည်ကို တားမြစ်ရန်ပျက်ကွက်ခြင်း၊ (ခ) ကလေးသူငယ်အားတောင်းရမ်းစေခြင်း၊ (ဂ) မိမိတောင်းရမ်းရာတွင် ကလေးသူငယ်အားအသုံးပြုခြင်း စတဲ့ အထက်ပါ အချက်တွေနဲ့ ပြစ်မှုထင်ရှားစီရင်ခံရရင် အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်ရမဲ့အပြင် အနည်းဆုံး ၆ သိန်းကနေ အများဆုံး ကျပ် ၁၂ သိန်းထိ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
လမ်းပေါ်ရောက်နေတဲ့ တိုင်းပြည်ရဲ့အနာဂတ်တွေကို ပြည်သူတစ်ရပ်လုံးက နှင်းနှင်းထွေးဖြစ်ရပ်လိုပဲ ပူးပေါင်းပါဝင်ပေးနိုင်ဖို့နဲ့ ဥပဒေရဲ့ပြဌာန်းချက်တွေအတိုင်း အကြောင်းပြချက်မရှိ ထိထိရောက်ရောက်အရေးယူမှုတွေကသာ တရားဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ကောင်းတွေဖြစ်လာနိုင်မှာဖြစ်သလို လမ်းမပျော်တဲ့ လမ်းပေါ်ကလေးတွေကလည်း သူတို့ကို ကူညီနိုင်မယ့်သူတွေကို တိတ်တဆိတ်မျှော်လင့်နေကြပါတယ်။