◾ နတ်ဆိုး PDF အဖွဲ့က အကြမ်းဖက်သတ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ကျုးလွန်ထား
၁၂. ၇. ၂၀၂၃
Written by Nay Moe
သံဃာအယောင်ဆောင်၍ ပစ်ခတ်တိုက်ခိုက်သည့် နတ်ဆိုး PDF အဖွဲ့ခေါင်းဆောင် တရားမဝင်လင်မယားအား ဖမ်းမိခဲ့သည်ဟု ယနေ့ညတွင် ထုတ်ပြန်လိုက်ပြီး ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ထို နတ်ဆိုး PDF အဖွဲ့က အကြမ်းဖက်သ-တ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ကျုးလွန်ထားသည်ဟု ဝန်ခံထွက်ဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများ သတင်းပေးပို့မှုအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇x ၇၈ ကြားရှိ မဟာ ဆေးခန်း၌ နတ်ဆိုး PDF အဖွဲ့ခေါင်းဆောင်ငြိမ်းချမ်းအောင်(ခ) အားသစ်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူပပဝင်းတို့အား ဖမ်းမိခဲ့သည်။
ဖမ်းမိတရားခံငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNLA တပ်မဟာ (၂)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ၃ လခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်း ဆင်းပြီးနောက် ဧပြီလတွင် နတ်ဆိုး PDF အဖွဲ့အားငြိမ်းချမ်းအောင်ခေါင်းဆောင်၍ပပဝင်း၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့်အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုးအပါအဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ နတ်ဆိုး PDF အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သ တ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ပြီး ထိုပြစ်မှုများမှာ
◾ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်တွင်ငြိမ်းချမ်းအောင်နှင့် ဖမ်းဆီးရန်ကျန်တရားခံအယ်နှောင်းတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီးရန်ကျန်တရားခံ ရတီမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
◾ ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် ရတီနှင့်အယ်နှောင်းတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအနီး၌ မြို့နယ်လျှပ်စစ်ရုံး မန်နေဂျာဦးကျော်ရဲအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင်ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
◾ ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ကျုံးကြီးနှင့်ကိုကြီးတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ကန်သာကျေးရွာရာအိမ်မှူးဦးသန်းဆွေအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီးရန်ကျန်တရားခံအယ်နှောင်းမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
◾ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့်အယ်နှောင်း၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုးတို့အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် သံဃာအယောင်ဆောင် ၍ လိုက်ထရပ်မော်တော်ယာဉ်ဖြင့် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာဈေးအနီး၌ ဈေးဝယ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင်ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
◾ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် ဖမ်းဆီးရန် ကျန်တရားခံများ ဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲရာတွင် ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
◾ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ငြိမ်းချမ်းအောင်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ပြင်ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်၍ နတ်ဆိုး PDF Facebook Page အမည်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ငွေကြေးကောက်ခံခြင်း၊ NUG ထံမှ ထောက်ပံ့ငွေများတောင်းခံခြင်းမှ ရရှိငွေများဖြင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်မှု၊ လက်နက်/ခဲယမ်းများဝယ်ယူမှုနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ထုတ်ပြန်ထားပြီး ဖမ်းမိတရားခံများအား ထိရောက်စွာအရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။