၁၁. ၇. ၂၀၂၃
Written by Tha Doe
သဘာဝဘေးကြုံချိန် ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့ ကုန်စျေးနှုန်းတင်တဲ့သူတွေကို အရေးယူဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၀ ရက်မှာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတွေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာ လမ်းညွှန်မှာကြားချိန်မှာ ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း တိုက်ခတ်လို့သဘာဝဘေးတွေ့ကြုံရချိန်မှာ မြို့ပေါင်း ၁၇ မြို့ထိခိုက်ခံစားခဲ့ရသလို မရှိမဖြစ်လိုအပ်တဲ့ အစားစာဈေးနှုန်းတွေ၊ အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းဈေးနှုန်းတွေ၊ ဝန်ဆောင်မှုတွေ၊ အိမ်အမိုး အကာပစ္စည်းတွေ ဈေးတက်လျက်ရှိနေတယ်လို့ Market Analysis Unit (MAU)အဖွဲ့က ပြောခဲ့ပြီး အဲဒီအထဲမှာဆို ခြင်ထောင်က အရင်စျေးထက် ၂ ဆကျော်၊ ရေတုံကင်က အရင် ၄၃၀၀၀ လောက်ကနေ ၈၃၀၀၀၊ ပေါင်းခံရေက ၁၇ ရာခိုင်နှုန်းစျေးတက်သွားပြီး ဆပ်ပြာက ၅၀ ရာခိုင်နှုန်း စျေးတင်ခံရတဲ့အပြင် သွားတိုက်ဆေးပါ ၁၉ ရာခိုင်နှုန်းစျေးတင်နေကြတယ်လို့ တွက်ပြခဲ့ပါသေးတယ်။
ဒါ့အပြင် ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုရုံး (OCHA) ကလည်း ရခိုင်ပြည်နယ်မှာ တာပေါ်လင်စဟာ အရင်က ၄၀၀၀၀ သာ ပေါက်စျေးရှိပေမဲ့ မိုခါအပြီးမှာ ၉၇၀၀၀ အထိ မြင့်တက်လာသလို မုန်တိုင်းမဖြစ်ခင်က ဆန်တစ်အိတ်စျေး ၈၀၀၀၀ တန်က ၁၂၀၀၀၀ ဖြစ်သွားတယ်ပြောခဲ့သလို အခြားမရှိမဖြစ်လိုအပ်တဲ့အသုံး အဆောင်တွေ စျေးအဆမတန် တက်တဲ့အပေါ် ကမ္ဘာသိကြေညာခဲ့ပါသေးတယ်။
ဒီလိုမျိုးအခြေအနေတွေကြောင့် ပြည်သူတွေ ဒုက္ခကြုံတိုင်း စျေးအဆမတန်ဆွဲတင်တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုအများအပြားဖြစ်ပေါ်ခဲ့တာကြောင့် ဒီလိုမျိုး ဝိသမလောဘသားတွေကို အရေးယူဖို့ SAC ဥက္ကဋ္ဌက ပြောလာတာလည်း ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့အချိန်၊ အများပြည်သူအခက်အခဲ အကြပ်အတည်း တွေ့ကြုံနေရတဲ့အချိန်မှာ ကိုယ် ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းတဲ့သူတွေက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်းဆန် စိတ်ဓာတ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို သတ်မှတ်ဈေးနှုန်းထက် မတန်တဆဈေးနှုန်းတွေနဲ့ မြှင့်တင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူတွေအနေနဲ့ ဈေးနှုန်းမြှင့်တင်ရောင်းချနေသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့လိုအပ်သလို ဥပဒေအရထိရောက်တဲ့ ပြစ်ဒဏ်ကို ပေးရမှာဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဒေသခံအချင်းချင်းအပေါ် အမြတ်ထုတ်ဆောင်ရွက်တာက မဖြစ်သင့်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း SAC ဥက္ကဋ္ဌဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ထိုက်သင့်တဲ့အမြတ်ပဲ ယူကြဖို့ သတိပေးခဲ့ပါသေးတယ်။