MT News
၁၀. ၇. ၂၀၂၃
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး နယ်မြေဖြစ်သဖြင့် တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် ကာကွယ်ရန်လိုကြောင်း ရသေ့တောင်နှင့် ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ ပြည်သူများနှင့် SAC ဥက္ကဋ္ဌ ယနေ့တွေ့ဆုံစဥ် မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာ၌ ရသေ့တောင်မြို့နယ်တွင် အထူးတာဝန်ပေးအပ်ထားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် ရသေ့တောင်မြို့နယ် မြို့မိ၊ မြို့ဖများက ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိမှု၊ ရသေ့တောင်မြို့နယ်အတွင်း သဘာဝဘေးဒဏ်ခံအဆောက်အဦ Shelter များ ဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိမှုနှင့် ဆန်၊ ဆီနှင့် မိုးကာစများ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးရန်လိုအပ်မှု၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့ ကျက်သရေဆောင် သာသနိကအဆောက်အဦများကို ပြန်လည်ပြင်ဆင်ပေးစေလိုမှုနှင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု တို့ကို တင်ပြခဲ့သည်။
ထို့အတူ ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖများက မောင်တော – ဘူးသီးတောင် ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးစေလိုမှု၊ ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ သားဖွားဆရာဝန်လိုအပ်လျက်ရှိမှု၊ နွေရာသီတွင် သောက်သုံးရေလိုအပ်ချက်ရှိသဖြင့် သောက်သုံးရေ သိုလှောင်ကန် ဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် SAC ဥက္ကဋ္ဌက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သည် ယခင်ကသွားရေးလာရေးခက်ခဲသည့် ဒေသများဖြစ်သော်လည်း ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အတိုင်းအတာတစ်ခုအထိ ကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွဲ၍ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊မြို့နယ်အသီးသီးမှ တင်ပြချက်များအပေါ် ထောက်ပံ့ရေးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ဦးစားပေးသတ်မှတ်ချက်များအလိုက် စနစ်တကျတွက်ချက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံပေးသွားမည်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ်သည် မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်တွင်ရောက်ရှိနေသည့်အတွက် အထိအခိုက်အပျက်အစီးများ များပြားခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများရှိခဲ့ခြင်းကြောင့် ၃၇ ဦးခန့်သာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်များအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သဘာဝဘေးဒဏ်သည် အချိန်မရွေးရောက်ရှိလာနိုင်သည်ဖြစ်သည့်အတွက် ရေတိုကောင်းမွန်ရေးအတွက်သာ ဆောင်ရွက်ခြင်းမျိုး မပြုလုပ်ကြစေလိုဘဲ ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် ရသေ့တောင်မြို့သည် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရသော်လည်း စနစ်ကျနသည့် မြို့အကွက်ကျပုံစံရှိရန်နှင့် မြို့နေပြည်သူများအားလုံး စည်းကမ်းစနစ်တကျရှိရန်လိုပြီး ယခင်ကထက်ဖွံ့ဖြိုးတိုးတက်လာသည်ဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နေထိုင်မှုစည်းကမ်းများသည်လည်း တိုးတက်ကောင်းမွန်လာရန်၊ စီးပွားရေးကောင်းရန်အတွက် ကိုယ့်အားကိုယ်ကိုးရန်၊ တိုင်းပြည်၏အားသည်ပြည်တွင်း၌သာရှိ၍ ပြန်လည်ထူထောင်ရေးပစ္စည်းနှင့် စားရေးအတွက် လိုအပ်ချက်များကိုလည်း နိုင်ငံတော်မှဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားသည်။
ထို့ပြင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သလို ဘူးသီးတောင်ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြေများများစွာရှိ၍ အဆိုပါမြေများကို အကျိုးရှိထိရောက်စွာဖြင့်အသုံးချနိုင်ရန်လိုအပ်သဖြင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူဆောင်ရွက်မည်ဆိုပါက အသား၊ ငါး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေများရရှိပြီး လူနေမှုအဆင့်အတန်းများ မြင့်တက်လာမည်ဖြစ်သည်။ ထိုသို့ တစ်ဦးချင်းဝင်ငွေရရှိရေး တရားဝင်နည်းလမ်းများဖြင့်သာ ဆောင်ရွက်ကြစေလိုပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်းနှင့် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး နယ်မြေဖြစ်သဖြင့် တိုင်းပြည်ကိုချစ်သည့်စိတ်ဖြင့် ကာကွယ်ရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများဖြစ်သဖြင့် မိမိတို့နေထိုင်သည့်မြေပေါ်တွင် သစ္စာရှိရှိဖြင့်ဆောင်ရွက်ရန်၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုနေကြသူများဖြစ်သဖြင့် အားလုံးညီညီညွတ်ညွတ်ဖြင့် နေထိုင်ကြရန် မှာကြားခဲ့သည်။
အထက်ပါ တိုက်တွန်းချက်များအပြင် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးပင်ဖြစ်ပြီး ဒေသတွင်း နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသ တွင်း တည်ငြိမ်အေးချမ်းမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ ပညာတတ် လူသားအရင်းအမြစ်များသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိအခြေအနေထက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ မျိုးဆက်သစ်ကလေးငယ်များကို ကောင်းမွန်စွာ မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ၎င်းတို့၏အနာဂတ်ကိုကောင်းစေလိုပါက ပညာရေးကို အားပေးရမည်ဖြစ်သကဲ့သို့ နောင်အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါက ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒေသနှင့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် ပညာရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။