၁၀. ၇. ၁၀
Written by Phyo Wei
အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားဟာ နစကအစိုးရနဲ့ အတိုက်အခံ NUG ကို ၇ လအတွင်း အကြိမ်ပေါင်း ၁၁၀ ဆက်သွယ်ဆွေးနွေးခဲ့သလို သူတို့ရဲ့ ဦးတည်ချက်က မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေကြား နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့တဲ့ ရက်သတ္တပတ်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် အင်ဒိုနီးရှားမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလာတက်ပြီး မြန်မာနဲ့ တရုတ်ကို အရှေ့တောင်အာရှနိုင်ငံတွေက ပိုမိုဆန့်ကျင်ရေးလှုပ်ရှားစေဖို့ ကြံရွယ်လာတာကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ SAC ကြောင့် ထိခိုက်မှုတွေကိုပဲ တစ်ဖက်သတ်တင်ပြနေပြီး NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖျောက်ဖျက်တဲ့ အစီရင်ခံစာတွေ တင်ခဲ့တာကြောင့် မြန်မာအစိုးရဘက်က NUG နဲ့ PDF တွေဟာ ကလေးငယ် ၉၇ ဦးကို သတ်ဖြတ်ထားတဲ့အကြောင်းတွေ မဖော်ပြခဲ့လို့ တုံ့ပြန်ခဲ့ရတာရှိခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာလည်း NUG နဲ့ PDF တွေက ကလေးငယ်၊ ဆရာ/ဆရာမ၊ သံဃာ၊ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ အခြား ပြည်သူ့ဝန်ထမ်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ NLD ပါတီဝင်မဟုတ်တဲ့ အခြားအပြစ်မဲ့အရပ်သား ၆,ဝ၉၁ ဦး သတ်ဖြတ်ခဲ့တာ မဖော်ပြခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ ဘက်လိုက်မှုကို မြန်မာနိုင်ငံက ရှုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင်လည်း KNU,KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ရန်ကုန်-မော်လမြိုင်- မြ၀တီ ကုန်သွယ်မှုလမ်းကြောင်းက တံတားတွေအပြင် ကျိုက်ထီးရိုးဘုရားက လေးဖာတောတံတားကိုပါ တိုက်ခိုက်ဖျက်ဆီးတာကြောင့် ပြည်သူများစွာ သေ ကြေဒဏ်ရာရခဲ့တဲ့အပြင် ကုန်သွယ်မှုလမ်းကြောင်းတွေပါ ပြတ်တောက် နှောင့်နှေးရတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ငွေတွင်းရွာမှာ ဖြစ်သွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုတွေအကြောင်း ၊ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို သံတမန်တွေ ခေါ်ရှင်းပြတဲ့အကြောင်းနဲ့ ယူကရိန်း စစ်ပွဲဒဏ်ကိုခံနေရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကပါနေတယ်ဆိုတဲ့ အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
“ငွေတွင်းရွာလူသတ်မှု“
ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းမှာ စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးတာကြောင့် PDF ၅၀ အထက် သေဆုံးခဲ့သလို လက်နက်တွေအများအပြားသိမ်းဆည်းခံရတဲ့အပြင် PDF တွေ ခိုကပ်နေတဲ့ ရွာတွေက စခန်းတွေလည်း ရှင်းလင်းခံရချိန်မှာ ဓားစာခံဖြစ်ခဲ့ရတာကတော့ PDF တွေက ပျုရွာလို့ သတ်မှတ်ထားတဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ငွေတွင်းရွာပါ။ အဲဒီရွာကို PDF တွေဟာ ဇူလိုင် ၄ ရက် ည ၂ နာရီ( ဇူလိုင် ၅ ရက် နံနက်) လောက်မှာ အင်အားအများအပြားနဲ့ ရွာထဲဝင်လာပြီး ဒေသခံ ရွာသား ၄ ဦးကို ရွာထဲမှာ ရဲဒင်းနဲ့ ခုတ်သတ်ခဲ့သလို ငွေတွင်းရွာဘုန်းကြီးကျောင်းက ကိုရင်ကြီးတစ်ပါး၊ ကျောင်းသားကလေးငယ်တွေအပါအ၀င် အမျိုးသား ၁၁ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ် ချက်ခြင်း ရွာထဲက ထွက်ခွာသွားကြတာပါ။
ဒီလိုမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို PDF တွေဘက်က သတင်းမထုတ်ခဲ့သလို NUG ထောက်ခံတဲ့ မီဒီယာတွေကလည်း မဖော်ပြခဲ့ပါဘူး။ ပိုဆိုးတာကတော့ သတင်းထုတ်ပြန်ချိန်မှာ PDF တွေက ငွေတွင်းရွာကို အဝေးကနေ စိန်ပြောင်းနဲ့ ပစ်လို့ ၁၅ ဦးသေတယ်လို့ပဲ ထုတ်ပြန်ခဲ့တာပါ။ ဒီ့အတွက် သတ်ဖြတ်ခံရသူ ၁၅ ဦးရဲ့ မိသားစုဝင်တွေက PDF တွေ ငွေတွင်းရွာထဲဝင်လာပြီး ပုဆိန်နဲ့ တစ်စစီခုတ်သတ်သွားလို့ အလောင်းကို စောင်နဲ့ထုပ်ချရတာ၊ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေရရှာတဲ့ အပြစ်မဲ့ပြည်သူတွေ အလောင်းပုံတွေ သတင်းမီဒီယာတွေဆီ ပေးပို့လာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံရတဲ့ ကျောင်းသားကလေးငယ်တစ်ဦးရဲ့ အကိုကလည်း ဒီ လူ ၁၅ ဦးကို သတ်တာက PDF တွေဖြစ်တယ်လို့ အသိပေးခဲ့တာကြောင့်လည်း PPDF တွေဟာ သာမန်ပြည်သူတွေကို အစုလိုက် အပြုံလိုက်သတ်တာ ဒီလို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကိုလည်း ဘယ်သူကမှ မရှုတ်ချရဲတဲ့အခြေအနေဟာ ပြောလိုက်ရင် လာသတ်ကြမှာထင်လို့ မပြောရဲတဲ့ မြန်မာပြည်သူတွေရဲ့ အကြောက်တရားကိုလည်း ပေါ်လွင်စေခဲ့တယ် ပြောရမှာပါ။
“သံတမန်တွေ ခေါ်ရှင်းပြတဲ့ မြန်မာ့နိုင်ငံရေး“
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အခြေစိုက် သံတမန်တွေ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ကို ခေါ်ယူ ရှင်းလင်းပြောကြားတာ ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့ပြီး PDF တွေ သ-တ်ဖြတ်မှုကြောင့် ပြည်သူ ၅၉၃၈ ဦး သတ်ဖြတ်ခံခဲ့ရပြီးဖြစ်တယ်လို့ သံတမန်တွေကို အသိပေးခဲ့ပါတယ်။
ဇူလိုင်လ ၆ ရက်မတိုင်ခင်စာရင်းမှာ ပြည်သူ ၅၉၃၈ ဦးပဲ NUG နဲ့ PDF က သတ်ဖြတ်ထားပေမဲ့ ဇူလိုင် ၈ ရက်အထိ စာရင်းမှာတော့ ပြည်သူ ၆၀၉၁ ဦးကို NUG နဲ့ PDF တွေက သတ်ဖြတ်ထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း သူတို့ဟာ SAC နဲ့ ဆက်နွှယ်တဲ့ လခရအပါအဝင် သူတို့ ဒလန်၊ သူလျှို၊ နစက ယန္တရားလည်ပတ်စေသူလို့ သတ်မှတ်ထားသူတွေ သတ်ဖြတ်ထားတာ လူ ၃၀၀၀၀ ကျော်လာပြီလို့လည်း ဝန်ခံခဲ့ဖူးတာကြောင့် ဒီပမာဏဟာ အင်မတန်များပြားတဲ့ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေကို မသိကျိုးကျွံပြုနေတဲ့ နိုင်ငံတကာသံရုံးတွေ ကုလသမဂ္ဂတာဝန်ရှိသူတွေအတွက်လည်း NUG နဲ့ PDF တွေဟာ လူ ထောင်ချီသတ်ဖြတ်ထားတာကို ရုပ်ပုံတွေနဲ့တကွ ကြည့်မြင်လိုက်ရသလို လူတွေကို အချိန်တစ်မိနစ်၊ နှစ်မိနစ်နဲ့ လွယ်လွယ်လေးသတ်ဖြတ်လိုက်တဲ့ ရုပ်သံ ဖြစ်စဉ်တွေကိုလည်း မြင်တွေ့သွားကြရတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ချစ်ရင် ဖုံးကွယ်ပြီး မချစ်ရင် အပြစ်မြင်တတ်တာတွေကြောင့် သမိုင်းတွေဟာ သမိုင်းလိမ်တွေဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့သမိုင်းတွေဟာ ဆင်ခြင်အတုယူစရာ မရှိဘဲ မဖြစ်နိုင်တဲ့ အချက်တွေအပြည့်နဲ့ ရယ်ရွှင်ဖွယ်ရာဖြစ်နေပါတယ်။ လက်ရှိ အခြေအနေကြီးမှာ ပြည်သူဟာ လက်နက်ကိုင်ထားသူအားလုံးကို ကြောက်နေရသလို SAC ကြောင့် လူ ၃၄၅၀ လောက် သေထားတာ၊ NUG နဲ့ PDF တွေက SAC ထက် နှစ်ဆနီးပါး လူ ၆၀၀၀ ကျော် တရားလက်လွတ်သတ်ထားတယ်ဆိုတာကို အမှန်အတိုင်း ဖော်ပြဖို့လိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်မှာ ပြည်သူအချင်းချင်းပဲ ပြန်သတ်မယ်ဆိုတဲ့ လက်နက်ကိုင်လိုစိတ်တွေ လျော့ကျပြီး အင်ဒိုနီးရှားနိုင်ငံလိုမျိုး လက်နက်မကိုင်ဘဲနဲ့လည်း ငါတို့နိုင်ငံဟာ ဒီမိုကရေစီသွားနိုင်ပါ့လားဆိုတဲ့ အသိဉာဏ်မြင့်တဲ့ တွေးခေါ်မှုတွေ မွေးဖွားစေနိုင်မှာဖြစ်ပါတယ်။
“ယူကရိန်းစစ်ပွဲဒဏ် ထိပ်ဆုံးက ခံနေရတဲ့ မြန်မာ“
မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းတက်ပြီဆိုတာနဲ့ ဒီကုန်စျေးနှုန်းတက်ဖို့ စျေးကစားတဲ့ လောဘသမားတွေကို အပြစ်ပြောဖို့မေ့တတ်ကြသလို ဒီလို ဝိသမလောဘသားတွေ စျေးမကစားနိုင်အောင် အရေးယူပြန်တော့လည်း စျေးကွက်စီးပွားရေးမှာ အစိုးရက ဝင်မစွက်ဖက်သင့်ဘူးလို့ အပြစ်ပြောကြပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာပဋိပက္ခဖြစ်စအချိန် အလုံးစုံပျက်သုဉ်းပြီးမှ အသစ်က ပြန်စမယ်လို့ NUG နဲ့ PDF တွေက ကြွေးကြော်ခဲ့ကြသလို တကယ်တမ်းမှာလည်း ကိုယ့်အလုပ်ကိုယ်လုပ်မရအောင် ဆိုင်တွေဖျက်ဆီးတာ၊ အလုပ်ပုံမှန်လုပ်နေရင် ဒလန်သတ်မှတ်တာ၊ ကုန်စျေးနှုန်းတွေဆွဲတင်တာ၊ ငွေကြေးစျေးကစားတာတွေကို အင်အားအလုံးအရင်းနဲ့ လုပ်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် ၂၀၂၀ ဟာ ကိုဗစ်ကာလဖြစ်ခဲ့တာကြောင့် ပြည်သူတွေ အလုပ်ပြုတ်၊ ဝင်ငွေမရှိကြတဲ့ ကာလတစ်ခုကိုလည်း ဖြတ်သန်းထားရသလို ၂၀၂၂ မှာလည်း ယူကရိန်းစစ်ပွဲဖြစ်လာတော့ မြန်မာနိုင်ငံဟာ အကြပ်အတည်းဒဏ်ကို တခြားသော နိုင်ငံတွေထက် ပိုခံခဲ့ရတယ်လို့ Action Aid ရဲ့ လေ့လာမှုစစ်တမ်းက ဖော်ပြခဲ့ပါတယ်။
ActionAid ဟာ ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဈေးနှုန်းမြင့်တက်မှုနဲ့ပတ်သက်ပြီး လေ့လာမှုစစ်တမ်းလုပ်ဆောင်ခဲ့ရာမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အာဖန်ဂန်နစ္စတန်၊ ကင်ညာ၊ ဆိုမာလီယာ၊ အီသီယိုပီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ မာလဝီ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ ဆီရီယာလီနွန်၊ ဟေတီက အဖွဲ့အစည်းပေါင်း ၆၉ ဖွဲ့ကို မေးမြန်း စစ်တမ်းကောက်ယူခဲ့တာပါ။ စစ်တမ်းအရ အဲဒီနိုင်ငံတွေမှာ ရေနံ၊ အစားအစာ၊ ဓာတ်မြေသြဇာဈေးနှုန်းဟာ ယူကရိန်းစစ်ပွဲမဖြစ်ပွားခင် အချိန်ကထက် ပိုမိုမြင့်တက်နေတယ်လို့ ActionAid စစ်တမ်းက ဖော်ပြခဲ့တာပါ။
အဲဒီအထဲမှာ အဆိုးဆုံးက မြန်မာနိုင်ငံဖြစ်ပြီး ဓာတ်မြေဩဇာစျေးဟာ ၃၀၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာကြောင့် လယ်ယာစိုက်ပျိုးမှုတွေလည်း လျော့ကျပြီး သီးနှံအထွက်တွေလည်း မကောင်းခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေးတန်ဖိုးကျတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာ၊ ဝင်ငွေလျော့ကျတာ၊ အကြွေးဖိစီးတာ စတာတွေလည်းဖြစ်ခဲ့ပါသေးတယ်။ ဒီကျပ်တည်းမှုအရင်းခံတွေဟာ ကိုဗစ်နဲ့ ယူကရိန်းစစ်ပွဲတွေကြောင့်လို့ လက်ညှိုးထိုးစရာရှိပေမဲ့လည်း မြန်မာနိုင်ငံမှာ ပိုဆိုးနေတာက လက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်မှုတွေ ဖြစ်နေလို့ပါ။ ဒီအခြေအနေကြီးမှာ လက်နက်ကိုင် တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်ခံနေသရွေ့တော့ ဒီအကျပ်အတည်းက ပြေလည်မှာမဟုတ်သလို NUG နဲ့ PDF က တရားလက်လွတ်သတ် ဖြတ်နေတာကို မပြောရဲ မဆိုရဲဖြစ်နေသရွေ့ ရွေးကောက်ပွဲကလည်း နီးနီးလေးနဲ့ ဝေးနေဦးမဲ့အပြင် ဒီအခြေအနေဆိုးကြီးအတိုင်း အရှည်ကြီးဆက်သွားနေရင် တစ်နေ့မှာ ကိုယ့်အလှည့်ကြုံလာရနိုင်မယ်ဆိုတာ သတိပေးလိုက်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။