MT News
Written by Nay Moe
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇူလိုင် ၈ ရက် ညပိုင်းက KTV နှင့် ဟိုတယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးအား KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လာရောက်ဖမ်းဆီးခေါ်ဆောင်ကာ သ-တ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ ကနဦးစုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ဇူလိုင် ၈ ရက် ည ၁၀ နာရီခန့်တွင် ရှင်းရင်ဟိုတယ်ပိုင်ရှင် ဒေါ်ဖြူဖြူသန့်အား KIA နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ဆိုင်းတောင်ရွာဟောင်းလမ်းဆုံအကျော် ကတ္တရာလမ်းပေါ်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ဖားကန့် KTV လောကရဲ့ ဥသျှောင်လို့ တင်စားရလောက်တဲ့ ရှင်းရင်ဟိုတယ် (Hotel &KTV) ပိုင်ရှင် သူဌေးမအား မနေ့ညတုန်းက လူတစ်စု ခေါ်သွားကြောင်းသိရပြီး ကတ္တရာလမ်းပေါ်မှာ သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ ပုံ ထွက်လာ”ဟုလည်း Kachin State People ပါတီမှ CEC အဖွဲ့ဝင်က Facebook တွင် ရေးသားထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်ညက ရှင်းရင်ဟိုတယ်တွင် လခရများနှင့် KIA ၊ PDF များ ပစ်ခတ်မှုဖြစ်ပွားကာ KIA တပ်မှူးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး PDF များလည်းဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ထိုဖြစ်စဥ်တွင် ရှင်းရင်ဟိုတယ်က သတင်းပေးသည်ဆိုကာ KIA နှင့် PDF များက အငြိုးထားပြီး သ-တ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံများက ပြောသည်။
“သူက ဒီဒေသမှာ နာမည်အကြီးဆုံးပဲ။ နှစ်ဖက်စလုံးပိုင်တာ။ ဒါပေမဲ့ မေလထဲမှာ ရှင်းရင်ဟိုတယ်ကို တပ်ကဝင်စီးပြီး ပစ်ခတ်တော့ KIA ဘက်က အရာရှိပါသေသွားတာရော အဖမ်းခံရတာရောကြောင့် ဟိုတယ်ဘက်က သတင်းပေးတယ်ဆိုပြီး လာဖမ်းပြီး သ-တ်သွားကြတာလို့ မြို့ပေါ်မှာပြောနေကြတာ” ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။