MT News
Written by Nay Moe
ခေါဇာမြို့နယ်ခွဲရှိ တာဝါတိုင်စခန်းကုန်းကို KNLA နှင့် ရေး PDF ဝင်စီးပြီး လက်နက်ခဲယမ်းသိမ်းယူသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်ပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ဇူလိုင် ၇ ရက်က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ အရာရှိဦးစီးအင်အား ၁၀ ဦးရှိသော ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းအား KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ(၂) နှင့် YGF ရေးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းက ဇူလိုင် ၆ ရက် ည ၁၁ နာရီမှ ၁၁ နာရီခွဲအချိန်ထိ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့သည်။
ထိုသို့ဝင်ရောက်စီးနင်းမှုတွင် ညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခြင်းမရှိကြောင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်(Micro Wave)အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။