◾ နန်းဦးလွင်ကျေးရွာနှင့်ကျေးရွာအချို့တွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့်အဆောက်အဦများကို လတ်တလောဖျက်သိမ်းရန် အစီအစဉ်မရှိသေးကြောင်းနှင့် ကော်မတီဖွဲ့ပြီးပြန်လည်စိစစ်မည်ဟု သိရ
၆. ၇. ၂၀၂၃
Photo & Writer Naing Thuta
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင်ကျေးရွာနှင့်ကျေးရွာအချို့တွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို ယနေ့ ဖျက်သိမ်းပေးရမည်ဟု စာကပ်ပြီးမှ ယမန်နေ့တွင် ထပ်မံစာကပ်ပြီး လတ်တလောဖျက်သိမ်းရန် အစီအစဉ်မရှိသေးဘဲ ကော်မတီဖွဲ့ပြီး ပြန်လည်စိစစ်မည်ဖြစ်သဖြင့် ယာယီဆိုင်းငံ့ထားကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်ကျေးရွာ၊ ကန်ကောက်(အရှေ့)၊ မဲကင်းကုန်း၊ ဂွေ့ကြီးကုန်း၊ သဲကုန်းစသည့်ကျေးရွာများတွင် လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို ယနေ့(ဇူလိုင်လ ၆ ရက်နေ့) နောက်ဆုံးထားကာ ဖျက်ပေးရမည်ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့ရက်စွဲပါ အမိန့်ထုတ်ပြန်ထားသည့်စာများကပ်ပြီးနောက် ယမန်နေ့ (ဇူလိုင်လ ၅ ရက်နေ့)က ပြန်လည်ထုတ်ပြန်ထားသည့်စာများကို ထပ်မံကပ်ကာ လတ်တလောဖျက်သိမ်းရန် အစီအစဉ်မရှိသေးဘဲ ပြည်သူများမနစ်နာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မှတ်ချက်နှင့်ညွှန်ကြားသဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကော်မတီဖွဲ့ကာ ပြန်လည်စိစစ်၍ စစ်ဆေးမည်ဖြစ်ပြီး လိုက်နာမှုမရှိက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“သက်ဆိုင်ရာက ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ လယ်ယာမြေပေါ်မှာခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို ဖျက်သိမ်းပေးရမယ်လို့ စာလည်းကပ်ပြီး ခြံရှေ့နဲ့ခြံတိုင်တွေမှာ ဆေးနီနဲ့ ၁/ နံပါတ်ဘယ်လောက်ဆိုပြီး လိုက်ရေးသွားကြတယ်။ အဲ့ဒါနဲ့ နစ်နာတဲ့ကျေးရွာသူ/သားတွေက နိုင်ငံတော်လူကြီးတွေကို အသနားခံစာ၊ တိုင်ကြားစာတွေပို့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူတွေနစ်နာတယ်လို့ယူဆပြီး ကော်မတီဖွဲ့ပြန်စိစစ်သွားရမယ်လို့တော့ စာထဲမှာပါတယ်။ တချို့ကလည်း ခြောက်လဆိုင်းငံ့တယ်။သုံးလဆိုင်းငံ့တယ်လို့ အမျိုးမျိုးကြားနေတာပဲ။ စာထဲမှာတော့ အဲ့ဒီလိုမပါဘူး။ မတွေ့မိဘူး” ဟု နန်းဦးလွင်ကျေးရွာတွင်နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာများအား တစ်စုံတစ်ရာဖျက်သိမ်းမှုမရှိသေးသော်လည်း အရပ်ဝတ်များဖြင့် သေနတ်များကိုင်ဆောင်ကာ အရပ်ကားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာများတွင် လိုက်လံလှည့်ပတ်နေသေးကြောင်းလည်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
MT News သတင်းဌာနအနေဖြင့် ပြည်သူများထံလိုက်လံစုံစမ်းမေးမြန်းခဲ့ရာတွင် အမည်မဖော်လိုသူဒေသခံတစ်ဦးက ” နန်းဦးလွင်မှာ ကျွန်တော်တို့မိသားစုတွေ နေလာတာ ၁၀ နှစ်လောက်ရှိပြီ။ ဒီလိုရပ်ကွက်/ကျေးရွာကွက်သစ်တွေ အခိုင်အမာဖြစ်လာတာ စည်ပင်နဲ့မြေစာရင်းမှာအဓိကတာဝန်ရှိတယ်။ အစရှိခဲ့လို တဖြည်းဖြည်းစည်လာကာမှ မီးတွေ၊ ဓာတ်တိုင်တွေ၊ မီတာဘောက်တွေ၊ အဆောက်အဦဆောက်ပိုင်ခွင့်တွေ အားလုံးချပြီးကာမှ အခုလိုပြန်ဖျက်တော့ ပြည်သူတွေ လမ်းဘေးပို့တာနဲ့အတူတူပဲ။ တကယ်တမ်းတာဝန်ရှိတာက အဲ့ဒီအဆင့်ဆင့်လုပ်စားလာတဲ့သူတွေမှာ တာဝန်ရှိတယ်။ တည်ဆောက်ရခက်ခဲပြီးမှ ဖျက်ရသိပ်လွယ်တဲ့ဘဝကို ရောက်နေကြတယ်။ ဒီချိန်မှာ အကုန်လုံးနီးပါး စီးပွားရေးကြပ်တည်းပြီး ခက်ခဲနေတဲ့အချိန်မှာ နိုင်ငံတော်လူကြီးတွေက ပြန်ကြည့်ပေးစေချင်ပါတယ်။ အခုလည်းဆိုင်းငံ့တယ်လို့ စာကပ်တဲ့ထဲမပါပေမဲ့ တာဝန်ကျေအထက်ဌာနကိုတင်ပြတဲ့ ဝန်ထမ်းတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့သူတွေကို ကော်မတီပြန်ဖွဲ့ပြီး အရေးယူမယ်လို့လည်းကြားလို့ဝမ်းသာတယ်။ လူကြီးတွေ ပြည်သူ့အသံနားထောင်ပြီး ပြည်သူတွေကို ရင်ဝယ်သားလို စောင့်ရှောက်တယ်လို့မြင်မိတယ်။ ဒီအချိန်မှာ နိုင်ငံမှာ ဒီထက်အရေးကြီးတာကိုပြန်လည်တည်ဆောက်ရမဲ့အချိန် လက်ရှိအစိုးရရဲ့ပုံရိပ်ကို အဲဒီတာဝန်ရှိတဲ့ဝန်ထမ်းတွေ တမင်များ ကျဆင်းအောင် လုပ်နေသလားမသိဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း ပြည်သူတွေကိုစောက်ရှောက်မယ်လို့ယုံကြည်ပါတယ်။ လုံးဝမဖျက်ပေးရဘဲ ပိုနေမြဲကျားနေမြဲနေရပါစေလို့ပဲ ဆုတောင်းယုံမှတစ်ပါးမရှိတော့ပါဘူး” ဟု ယခုကဲ့သို့ ဆိုထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း မန္တလေးတိုင်းအတွင်းရှိ မြေယာကိစ္စနှင့်ပတ်သက်၍ ပြည်သူများထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ရန်၊ ပြည်သူများ၏ပိုင်ဆိုင်မှု၊ အသနားခံစာတင်ပြမှုနှင့်ပတ်သက်၍ ထိုက်သင့်သောဆောင်ရွက်ပေးမှုမရှိသည့် ဝန်ထမ်းများအား အရေးယူရန် စသည့် မှတ်ချက်နှင့်ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာမြေ ပေါ်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေထိုင်ကြသောအဆောက်အဦများသည် ခန့်မှန်းခြေ ထောင်နှင့်ချီကာရှိသည့်အတွက် ယခုကဲ့သို့သာ ဖြိုဖျက်မည်ဆိုပါက သောင်းနှင့်ချီသောပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်နိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်။